မသန်စွမ်းများ နှင့် သံဃာတော်များအတွက် E-lite က ၂၅ ရာခိုင်နှုန်း စျေးလျော့ချ

မသန်စွမ်းများ နှင့် သံဃာတော်များအတွက် E-lite က ၂၅ ရာခိုင်နှုန်း စျေးလျော့ချ
(ဓာတ်ပုံ- E-lite)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ။           ။ မသန်စွမ်းသူတွေအတွက်နှင့် သာသာနာပြုသံဃာတော်တွေအတွက် E-lite ကားများမှ ကားလက်မှတ်ခများကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဟု E-lite ကုမ္ပဏီ၏ တာဝန်ရှိသူများက ပြောသည်။

ဒီအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ စတင်ပေးသွားမှာဖြစ်ပြီး၊ မသန်စွမ်းသူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီဆောင်ရွက်ပေးလိုတာကြောင့် ယခုကဲ့သို့   ဆောင်ရွက်ခြင်းဖြစ်ကြောင်း   E-lite Express မှ တာဝန်ရှိသူ ဦးစိုးမြင့်က ပြောသည်။

"ဒီအစီအစဉ်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လိုအပ်ချက်တွေအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်။ E-lite ကနေလည်း အခြားစီးနင်းလိုက်ပါမယ့်   ပြည်သူတွေအတွက်လည်း အခြားအစီအစဉ်တွေကို လုပ်ဆောင်ပေးသွားအုံးမှာဖြစ်ပါတယ်။"ဟု ဦးစိုးမြင့်က ပြောသည်။

ထိုအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ် (မူရင်း +မိတ္တူ)၊ သာသနာရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ်၊ မွေးနေ့၊ ဘာသာ၊ စာသင်တိုက်အပြည့်အစုံ နှင့် ဓာတ်ပုံ ၂ပုံကို တင်ပြရန် လိုအပ်ကြောင်း သိရသည်။

မသန်စွမ်းသူများအတွက်ကမူ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသူ၊ အမြင်အာရုံနှင့် အကြားအာရုံချို့ယွင်းသူများကို E-lite ကားတွင် စီးနင်းလိုက်ပါခွင့် ကတ်ထုတ်ပေးသွားမည်ဖြစ်သည်။

ထို စီးနင်းခွင့်ကတ်သည် ၃ နှစ်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဆက်လက်သက်တိုးတိုးနိုင်ရန်လည်း ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ ထုတ်ပေးထားသော စီးနင်းခွင့်အား တစ်ခြားသူအားလွဲပြောင်းခြင်း၊ ငှားရမ်းခြင်းများ ပြလုပ်၍ မရဟုလည်း ၎င်းက ဆိုသည်။

ရှေ့ဆက်ပြီး E-lite express အနေနဲ့ အွန်လိုင်းကနေ ကားလက်မှတ်များကိုဝယ်ယူနိုင်စေဖို့အတွက်စီစဉ်နေပြီဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required