တရုတ် TikTok ဗီဒီယိုများက ဥရောပ၏ ပုဂ္ဂိုလ်ရေးကန့်သတ်ချက် စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း အီတလီ ဒေတာကာကွယ်ရေးအဖွဲ့ သတိပေး

တရုတ် TikTok ဗီဒီယိုများက ဥရောပ၏ ပုဂ္ဂိုလ်ရေးကန့်သတ်ချက် စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း အီတလီ ဒေတာကာကွယ်ရေးအဖွဲ့ သတိပေး

‌ဗီဒီယိုများကို အွန်လိုင်းပေါ်တင်သည့် တရုတ်နိုင်ငံ၏ TikTok က ပုဂ္ဂိုလ်ရေးဆို်ငရာ ကန့်သတ်ချက်ကို ကာကွယ်စောင့်ရှောက်သည့် ဥရောပသမဂ္ဂ၏ စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း အီတလီ ဒေတာကာကွယ်ရေးအဖွဲ့ ဇူလိုင် ၁၁ ရက်တွင် သတိပေးလိုက်သည်။

TikTok အသုံးပြုသူများထံ အဆိုပါကုမ္ပဏီက ဇူလိုင် ၁၃ ရက်မှစတင်၍ ကြော်ငြာများ ပေးပို့သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်များက အကြောင်းကြားခဲ့သည်။ ထို့သို့ လုပ်ဆောင်ရာတွင် အသုံးပြုများ၏ လက်ကိုင်ဖုန်းကဲ့သို့သောပစ္စည်းများတွင် သိမ်းဆည်းထားသည့် အချက်အလက်များကို အသုံးပြုခွင့်ရရန် ခွင့်ပြုချက်တောင်းခံခြင်းမရှိခဲ့ပေ။

ပုဂ္ဂိုလ်ရေးအချက်အလက် မူဝါဒဆိုင်ရာ ပြောင်းလဲရာတွင် ကုမ္ပဏီနှင့် မိတ်ဖက်များ၏ ရပိုင်ခွင့်အကျိုးစီးပွားများ ကို ဆောင်ရွက်ကြောင်း TikTok က ကြေညာထားသော်လည်း ၎င်းတို့၏ သတ်မှတ်ချက်များသည် ဥရောပ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း အီတလီအစိုးရ စည်းကမ်းကြပ်မတ်ရေးအဖွဲ့က ပြောကြား လိုက်သည်။

‌“ကျွန်တော်တို့ လုပ်ငန်းရဲ့ သီးခြားပုံစံတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေသလို အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို လေးစားပါတယ်။ သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေအားလုံးနဲ့ ကိုက်ညီအောင် လုပ်ဆောင်နေပါတယ်” ဟု TikTok မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

TikTok အနေဖြင့် ၎င်းတို့ ကြေညာထားသည့် မူဝါဒအပြောင်းအလဲကို မရုပ်သိမ်းပါက ကန့်သတ်တားမြစ်မှုများကို ချရန်သွားမည်ဟု အီတလီ စည်းကမ်းကြပ်မတ်ရေးအဖွဲ့က ပြောကြားသည်။

ကမ္ဘာပေါ်ရှိ ဆယ်ကျော်သက်များအကြား လျင်မြန်စွာ ရေပန်းစားလာသည့် TikTok ၏ မသင့်လျော်သော ကြော်ငြာများသည် လူငယ်များကို လမ်းမှားရောက်စေနိုင်ကြောင်းလည်း အဆိုပါအဖွဲ့က သတိပေးထားသည်။

ဥရောပ၏ အချက်အလက်စည်းမျဉ်းများကို TikTok ၏ မူဝါဒက ချိုးဖောက်ကြောင်း အိုင်ယာလန်နိုင်ငံ၏ ဒေတာ ကာကွယ်ရေးကော်မရှင်သို့လည်း အီတလီစည်းကမ်းကြပ်မတ်ရေးအဖွဲ့က အကြောင်းကြားပြီး ဖြစ်သည်။

TikTok နှင့် အခြားထိပ်တန်းအင်တာနက်လုပ်ငန်းအဖွဲ့အစည်းများသည် အိုင်ယာလန်တွင် တည်ရှိသောကြောင့် အိုင်ယာလန်ဒေတာ ကာကွယ်ရေးကော်မရှင်သည် အဆိုပါ လုပ်ငန်းအဖွဲ့များကို ဥရောပတွင် စည်းကမ်း ကြပ်မတ်ရသည့် ဦးဆောင်အဖွဲ့အစည်းဖြစ်သည်။

ဥရောပတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ချိုးဖောက်မှုလုပ်ဆောင်ပါက တစ်ကမ္ဘာလုံးမှ ရရှိငွေ၏ ၄ ရာခိုင်နှုန်းအထိ ဒဏ်ငွေချမှတ်ခံရဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly