TikTok အပေါ် စိုးရိမ်မှုများ ကြီးထွားလာချိန်တွင် အချက်အလက်ရယူသည့် အက်ပ်များကို သတိထားရန် ကနေဒါထိပ်တန်းဆိုက်ဘာလုံခြုံရေးအကြီးအကဲ သတိပေး 

By ANI  
01 February 2023
TikTok အပေါ် စိုးရိမ်မှုများ ကြီးထွားလာချိန်တွင် အချက်အလက်ရယူသည့် အက်ပ်များကို သတိထားရန် ကနေဒါထိပ်တန်းဆိုက်ဘာလုံခြုံရေးအကြီးအကဲ သတိပေး 

ကနေဒါနိုင်ငံသားများ၏ အချက်အလက်များ မသမာသူများ၏ လက်ထဲသို့ ရောက်ရှိသွားနိုင်သဖြင့် အက်ပ်များကို အသုံးပြုသည့်အခါ သတိထားရန် ကနေဒါထိပ်တန်းဆိုက်ဘာလုံခြုံရေးအကြီးအကဲက သတိပေးလိုက်သည်။

တရုတ်ပိုင်လူမှုမီဒီယာအက်ပ် TikTok က အချက်အလက်များကို စုဆောင်းနေကြောင်း ကမ္ဘာ့နိုင်ငံများက ဝေဖန်နေကြချိန်တွင် ယခုသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကနေဒါအီလက်ထရွန်းနစ်သူလျှိုအေဂျင်စီက TikTok ၏ လုံခြုံရေးခြိမ်းခြောက်မှုများကို စောင့်ကြည့်နေကြောင်း ဝန်ကြီးချုပ် ထရူးဒိုးက ဒီဇင်ဘာလတွင် ပြောကြားခဲ့သည်။

အိမ်နီးချင်း အမေရိကန်တွင် ရီဘတ်ပလစ်ကန်အမတ်များက TikTok ကို ပိတ်ပင်ရေး ဇန်နဝါရီလအစောပိုင်းတွင် အဆိုပြုခဲ့သည်။ ကမ္ဘာတစ်ဝန်း သုံးစွဲသူ ၁ ဘီလီယံကျော်ရှိသည့် TikTok သည် အမေရိကန်နှင့် ကနေဒါတွင် ရေပန်းစားသည်။

"ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ရမယ်၊ သူတို့က အဲဒီအချက်အလက်ကို ရယူဖို့ လိုအပ်သလား။ အက်ပလီကေး ရှင်းတစ်ခုက ဘာကြောင့် ကျွန်တော့်ရဲ့ ဖုန်းအဆက်အသွယ်စာရင်းအားလုံးကို ကြည့်ဖို့ လိုအပ်တာလဲ။ ကျွန်တော့် ရဲ့ ပြက္ခဒိန်၊ အီးမေးလ်၊ ဖုန်းမှတ်တမ်းတွေ၊ စာတိုတွေကို ဝင်ရောက်ကြည့်ရှုဖို့ ဘာလို့လိုအပ်တာလဲ။" ဟု ဆက်သွယ်ရေးလုံခြုံရေးတည်ထောင်မှုအဖွဲ့(CSE) ကနေဒါဆိုက်ဘာလုံခြုံရေးစင်တာမှ အကြီးအကဲ ဆာမိခိုရီက CBC News သို့ ပြောကြားခဲ့သည်။

အက်ပလီကေးရှင်းကို ဖုန်းထဲထည့်သွင်းသည့်အခါ ကနေဒါနိုင်ငံသားများသည် သဘောတူရမည့်အချက်များကို သတိပြုသင့်ကြောင်း ဆာမိခိုရီက ပြောကြားခဲ့သည်။
ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့် ရှိ၊ မရှိ မေးမြန်းသင့်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆက်သွယ်ရေးလုံခြုံရေးတည်ထောင်မှုအဖွဲ့(CSE) ဖြစ်သည့် ကနေဒါနိုင်ငံခြားအချက်ပြ ထောက်လှမ်းရေး အေဂျင်စီသည် TikTok ၏ လုံခြုံရေးခြိမ်းခြောက်မှုများကို စောင့်ကြည့်နေကြောင်း ဒီဇင်ဘာလက ထရူးဒိုးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် အခြေစိုက်သည့် မိခင်ကုမ္ပဏီ ByteDance ပိုင် TikTok သည် အချက်အလက်များရယူနေ ကြောင်း ကမ္ဘာတစ်ဝန်းလုံးက စွပ်စွဲထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly