ပြည်တွင်းစစ်ကြောင့် ပင်းတယ၊ရွာငံတောင်သူများ အကြွေးသံသရာထဲ နစ်မြုပ်နေ

ပြည်တွင်းစစ်ကြောင့် ပင်းတယ၊ရွာငံတောင်သူများ အကြွေးသံသရာထဲ နစ်မြုပ်နေ

ဇွန် ၉

ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော မြို့နယ် နှစ်ခုဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စက်သုံးဆီ ဈေးနှုန်းအပြင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့် အတွက် ပြီးခဲ့သည့် မေလက ပင်းတယတွင် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များ သယ်ယူပို့ဆောင် ရောင်းချရန် အခက်အခဲများ ဖြစ်ပေါ်နေပြီး ဝယ်သူ မရှိသည့်အတွက် တောင်သူများ ကိုယ်တိုင် ပြန်လည် ဖျက်ဆီးနေကြရပြီး ရှမ်း - ကယားနယ်စပ်မှ စစ်ဘေးရှောင်များ အတွက် အခမဲ့ လာရောက် သယ်ယူနိုင်ကြောင်း တောင်သူများက ပြောဆိုထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက ဒေသခံ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှိူ့ဖျက်ဆီးခြင်း အစရှိသော အကြမ်းဖက်လုပ်ရပ်များကြောင့် ဧပြီလ နောက်ဆုံးပတ်မှစတင်ကာ ရွာငံမြို့နယ်ရှိ ရွာအချို့ ရွာလုံးကျွတ် နေအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။

''ရွာက ဒလန်တွေကြောင့် ရွာလုံးကျွတ်ပြေးနေရတယ်။ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြရတယ်။ သူတို့က လက်နက်နဲ့ခြိမ်းခြောက်တော့ ရွာမပြန်ရဲကြဘူး။ ရွာထဲမှာ ဘယ်သူမှ မရှိတော့ စစ်ကောင်စီတပ်တွေက ရွာမှာရှိတဲ့ ဆန်တွေ၊ ဆီတွေ ဖောက်သယ်သွားကြတယ်။ အကုန်ယူတယ်။ အခုဘာမှမရှိတော့ဘူးလေ။'' ဟု ရွာငံမြို့က ဒေသခံတစ်ဦးက ပြောသည်။

ပုံမှန်ဆိုလျှင် တပေါင်း၊တန်ခူးလတွင် စပါးကို အဓိက စိုက်ပျိုးကြသော်လည်း ယခုအချိန်တွင် အဆင်ပြေရာ သီးနှံများသာ စိုက်ပျိုးရနေရကြောင်း ရွာငံမြို့က တောင်သူတစ်ဦးကပြောသည်။

''အခုလောလောဆယ် တောင်သူတွေက ချင်း၊ ငရုတ်သီးတွေ စိုက်နေကြရတာပေါ့။ ချင်းဈေးက အခု တစ်ပိဿာမှ ၂၀၀ပဲ။ မတန်ပေမယ့် တခြား သီးနှံအဆင်မပြေတော့ ပြေမယ်ထင်တဲ့ ဟာတွေ စိုက်ကြတာ။ တချို့ ရွာတွေ ရွာလုံးကျွတ် အကြွေးတင်တာပါဆိုနေ။ စစ်ကောင်စီကလည်း စိုက်ပျိုးစရိတ်ချေးငွေ မထုတ်ချေးပေးဘူးလေ''

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် အစိုးရမှ စိုက်ပျိုးရေးချေးငွေများထုတ်ပေးဖူးသော်လည်း ယင်းချေးငွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ခွဲယူပြီး တောင်သူများထံ အတိုးယူပြီး တစ်ဆင့် ပြန်ချေးပေးကြောင်း၊ အရပ်သားအစိုးရ NLD လက်ထက်တွင်အဆိုပါကိစ္စရပ်များပျောက်ကွယ်သွားသော်လည်း ယခု အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် အစိုးရချေးငွေများ တိုက်ရိုက်မရရှိပြန်ကြောင်း ပင်းတယမြို့နယ် တောင်သူတစ်ဦးကဆိုသည်။

''အခု စစ်ကောင်စီ လက်ထက်မှာတော့ အစိုးရချေးငွေ ရောက်မရောက် မသိနိုင်တော့ဘူး။ သိလည်း တောင်သူတွေ တိုက်ရိုက်မရဘူး။ တစ်ဆင့်ခံ အတိုးနဲ့ ယူကြရတာ။ ကြံ့ဖွတ် စိမ်းတွေပဲ သူ့လူသူ ခွဲဝေယူတာ။ အဲဒါက အရင်ကတည်းက။ အစိုးရက အတိုး တစ်ကျပ်ဆို သူတို့ဆီက တစ်ဆင့်ခံယူရတော့ ငါးကျပ်လောက် ပေးရတာပေါ့။ NlD အစိုးရ အတွင်းမှာတော့ အဲလိုကိစ္စတွေ ပျောက်သွားတယ်။''

ပင်းတယတွင် ရေသွင်းစိုက်ရသော မုန်လာများမှာ တစ်ဧကလျှင်ကုန်ကျစရိတ်က ၁၈ သိန်း ဝန်းကျင်ရှိရာ အာဏာသိမ်းပြီးနောက် ငွေဈေး၊ မြေသြဇာဈေး၊ ပိုးသတ်ဆေးဈေးနှုန်းများကြောင့် တောင်သူများ သီးနှံဈေးမရသည့်အပြင် အတိုးပေါ် အတိုးဆင့်ကာ အကြွေးများဖြင့် သံသရာလည်နေကြရသည်။

''အစိုးရချေးငွေမဟုတ်ဘဲ တခြား ပုဂ္ဂလိက ချေးငွေတွေတော့ ရှိတယ်။ မြစိမ်းရောင် ချေးငွေ၊ အိမ်ရှင်မ ချေးငွေ၊ ကိုးရီးယား ချေးငွေ၊ချေးငွေတွေ အမျိုးစုံပဲ။ အတိုးမများပေမယ့် ဆပ်ရမယ့်အချိန်ကျ မဆပ်နိုင်လို့ ၁၅ ကျပ်တိုးတွေနဲ့ယူပြီး ဆပ်ကြရတာ။အခုဆို တချို့တောင်သူတွေ သီးနှံ အရှုံးပေါ်လို့ ခြံတွေ ဖဲ့ဖဲ့ ရောင်းပြီး အကြွေးတွေဆပ် နေရတယ်။ ဒီက တောင်သူတွေက သီးနှံစိုက်ဦးမလား လို့မေးရင် အကြွေးတွေ ယူပြီးစိုက်ကြဦးမှာပဲ။ ဒါပဲ လုပ်စရာရှိတာလေ ''ဟု ရွာငံမြို့နယ်က တောင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလပိုင်းအတွင်း စစ်ကောင်စီတပ်က ရွာငံမြို့နယ် ပဲရင်းတောင်ရွာအတွင်း ထိုးစစ်ဆင်နေမှုကြောင့် ရွာအနီး ရှောင်နေရာမှ ရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်သူများကို ဧပြီလ ၁၆ ရက်နေ့က ဖမ်းဆီးခံရကာ ဧပြီလ ၁၉ ရက်နေ့တွင် သတ်ဖြတ်ခံထားရပြီး ရုပ်အလောင်းများကို ကားတာယာများ အသုံးပြု၍ ရွာလယ်ဘုန်းကြီးကျောင်း အရှေ့ဘက် ကိုက် ၁၀၀ သာခြားသော မြေကွက်၌ မီးရှို့သွားခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ရွာငံမြို့နယ်ရှိ ပဲရင်းတောင်ကျေးရွာနှင့် လွှစင် ကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်ငါးလုံးကို ဧပြီလ ၂၂ ရက်၊ နံနက် ၁ နာရီအချိန်ခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

အလားတူ ပင်းတယမြို့နယ်ရှိ ကြံခင်းမြောင်ရွာတွင် အပြစ်မဲ့ပြည်သူတစ်ဦး၏နေအိမ်ကို စစ်ကောင်စီတပ်မှ မေလ ၁၀ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ယခုလက်ရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့များတွင် စစ်ကောင်စီတပ်ကိုတော်လှန်မည့်သူများမရှိဘဲ အေးချမ်းနေသယောင်ဖြစ်ရခြင်းမှာ လူငယ်များ မူးယစ်ဆေးစွဲနေကြခြင်းကြောင့် ဖြစ်ကြောင်း၊ ဆေးရောင်းသူများထဲတွင် အမျိုးသမီးများပါရှိကြောင်း၊ ငွေကြေးတတ်နိုင်သော တောင်သူများက စိုက်ပျိုးရေးအတွက်အလုပ်သမားကို မူးယစ်ဆေးများပေးကာ အလုပ်ခိုင်းနေကြကြောင်း ဒေသခံတောင်သူများက ဆိုသည်။

#mizzima

#ရှမ်းပြည်နယ်

#ပြည်တွင်းစစ်

#ရွာငံ

#မူးယစ်ဆေးစွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly