ချင်းပြည်နယ်၌ မြို့ပေါ်ကျောင်းများဖွင့်မှု မအောင်မြင်နိုင်ဟု ဆို

ချင်းပြည်နယ်၌ မြို့ပေါ်ကျောင်းများဖွင့်မှု မအောင်မြင်နိုင်ဟု ဆို

မေ ၃၀

စစ်ကောင်စီက ချင်းပြည်နယ် မြို့နယ်ခုနစ်ခုရှိ မြို့ပေါ်ကျောင်းများဖွင့်လှစ်ရန် ကြိုးစားနေမှုသည် မအောင်မြင်နိုင်ဟု ချင်းလဲန်း ပူးပေါင်းကာကွယ်ရေး ကော်မတီ (CJDC) အထွေထွေ အတွင်းရေးမှူး Salai Timmy က မဇ္စျိမ ကို ပြောသည်။

မိဘများသည်လည်း လုံခြုံရေးအာမခံနိုင်မှုမရှိသည့်ကျောင်းများတွင် အပ်နှံကြလိမ့်မည်မထင်ဟုလည်း ၎င်းက ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပေါ်တွင်စိုးမိုးနိုင်သည့် အတိုင်းအတာမရှိသေးသဖြင့် စစ်ကောင်စီ က အဆိုပါခုနစ်မြို့ရှိ မြို့ပေါ်ကျောင်းများကိုဖွင့်ရန် ကြိုးစားနေခြင်းသာဖြစ်ပြီး ကျေးရွာများ အားလုံးကိုမူ ကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားနိုင်သည်ဟု ၎င်းကပြောသည်။

ချင်းကာကွယ်ရေးတပ်များ စိုးမိုးထားနိုင်သည့် နယ်မြေများတွင်လည်း ကျောင်းများဖွင့်လှစ်ပေးထား သည် ဟု Salai Timmy က ဆိုသည်။

ချင်းပြည်နယ် ကိုးမြို့နယ်တွင် စစ်ကောင်စီက ထန်တလန်နှင့်ကန်ပက်လက်မှလွဲ၍ ကျန် ခုနစ်မြို့နယ် တွင် ကျောင်းများဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ချင်းပြည်ထောင်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရန်ကြိုးစားနေခြင်းသည် ၎င်းတို့ ယန္တရား လည်ပတ်နိုင်သည်ဟု နိုင်ငံတကာကို ပြသရန်နှင့် တရားဝင်မှုပြသရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ CJDC က ယနေ့ မေလ ၃၀ ရက်တွင် ထုတ်ပြန် သည်။

“ကျွန်တော်တို့ဆီမှာ စစ်ကောင်စီယန္တရားက မလည်ပတ်သလောက်ဖြစ်နေတယ်။ ပညာရေးတစ်ခုတင် မကပါဘူး။ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ကျန်းမာရေးကိစ္စတွေဆိုလည်း လုပ်နိုင်တာ မရှိ သလောက် ဖြစ်နေတယ်။ အဲဒါကြောင့် နိုင်ငံတကာကို သူတို့က တရားဝင်ကြောင်းပြသချင်တဲ့အတွက် ပညာရေးကဏ္ဍကို အသုံးချတယ်လို့ မြင်ပါတယ်” ဟု CJDC အထွေထွေ အတွင်းရေးမှူး Salai Timmy က ပြောသည်။

ချင်းပြည်ထောင်တစ်ဝှမ်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရား မလည်ပတ်စေရန် တားဆီးတွန်လှန်ကြရန်နှင့် ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများကိုသာ မိမိတို့ သားသမီးများကို ပညာဆည်းပူးကြစေရန် တိုက်တွန်း ကြောင်းလည်း CJDC က ဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေး ယန္တရားကို အသက်သွင်းရန် ကြိုးပမ်း ဆောင်ရွက်သည့် Non CDM များကို ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း CJDC ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဓာတ်ပုံ - zalen

#Mizzima

#ချင်းပြည်နယ်

#ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီCJDC

#SalaiTimmy

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required