မြေစာပုံပြိုကျသည့် ကုမ္ပဏီ နှစ်ခုကို ယာယီရပ်ဆိုင်း

မြေစာပုံပြိုကျသည့် ကုမ္ပဏီ နှစ်ခုကို ယာယီရပ်ဆိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၆ရက် ။               ။ ဖားကန့်မြို့နယ်အတွင်း ဇန်နဝါရီ ၂၅ရက်နေ့ ညနေပိုင်းက ကျောက်မျတ်တူးဖော်ရေးလုပ်ငန်းအမှတ် ၂ မှ စွန့်ပစ်မြေ စာပုံ ထပ်မံပြိုကျခဲ့သည့်အတွက် ယင်းကုမ္ပဏီနှစ်ခုကို ကျောက်မျတ်တူးဖော်ခြင်းလုပ်ငန်းကို ယာယီရပ် ဆိုင်း ထားကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။

 ဖားကန့်မြို့နယ် လုံးခင်းနယ်မြေရဲစခန်းအပိုင်အတွင်းရှိ ရတနာရောင်ခြည် ကျောက်မြတ်ကုမ္ပဏီနှင့် မြစ်ဆုံဧရာ ကျောက်မြတ်ကုမ္ပဏီမှ စွန်ပစ်မြေစာပုံ အမြင့်ပေ ၁၀၀၀ ပတ်လည်ရှိသည့်အနက်မှ အလျား ပေ ၁၅၀ပေ၊ အနံ ၄၀ပေ၊ အမြင့် ၁၀၀ပေခန့်သည် ဇန်နဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၅၀မိနစ်ခန့်တွင် ပြိုကျခဲ့ခြင်း လုံးခင်းရဲစခန်းမှ တာဝန်ကျ ရဲတပ်ကြပ်တစ်ဦးက ပြောသည်။

" မြေစာပုံ ပြိုကျတဲ့ ဆီကို တာဝန်ရှိသူတွေ၊ ရတနာရောင်ခြည် ကျောက်မြတ်ကုမ္ပဏီက လုပ်ကွက်တာဝန်ခံ ဦးအားဝေ၊ ကျင်းတာဝန်ခံ ဦးကြည်ဝင်း မက်လင်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းတို့ သွားကြည့် ပြီးတော့ အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းကို ယာယီရပ်ဆိုင်းထားပါတယ်"ဟု ၎င်းက ပြောသည်။

 စွန့်ပစ် မြေစာပုံပြိုကျသည့်နေရာမှာ လုံးခင်းရဲစခန်း၏ အနောက်တောင်ဘက် ၁၅မိုင်အကွာတွင်ရှိပြီး ယင်း မြေ စာပုံတွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ကျော်ရှိသော်လည်း မြေစာပုံပြိုကျသည့်အချိန်၌ ကုမ္ပဏီဝန်ထမ်း များက အော်ဟစ်သတိပေး သည့်အတွက် သေဆုံး ထိခိုက်ဒါဏ်ရာရရှိသူမရှိကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းမြေစာပုံ ပြိုကျရာတွင် ဟင်းတင့်ကျေးရွာမှ ရှမ်းအမျိုးသား ၃ ဦးပါသွားသည်ဟု ဟင်းတင့်ကျေးရွာသားများ အကြားတွင် သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly