ဝင်လာမစဲ တသဲသဲ ထွက်တော့ပြန်ချုပ် တလှုပ်လှုပ်

ဝင်လာမစဲ တသဲသဲ ထွက်တော့ပြန်ချုပ် တလှုပ်လှုပ်

နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပြန်ပြီတဲ့။ နိုင်ငံရေး အချုပ်သားတွေ မပါဘူး။ ဝမ်းနည်းရမှာ လိုလို၊ ဝမ်းသာရမျာလိုလို။ အကျဉ်းထောင်အသီးသီးက လွှတ်ပေးလိုက်တဲ့ ၁၀၂ ဦးမှာ နိုင်ငံရေး အကျဉ်းသားကလည်း ၅၀ ဝန်းကျင်လောက်ပဲ ပါတယ်လို့ သိရပြန်တယ်။ ဒါကြောင့် ဝမ်းနည်းဝမ်းသာ မှာ ဝမ်းသာမယ်ဆိုရင် ယမ်းသာတာကို တစ်ဝက်လောက် ထပ်လျှော့ပစ်ရဦးမယ်၊ ၁၀၂ ယောက်မှာ နိုင်/ကျဉ်းက ၅၀ ဝန်းကျင်ပါတာကိုး။

လွှတ်ပေးသူများရဲ့ အပြောအဆိုကတော့ ထုံးစံအတိုင်းပဲ၊ အကြီးကြီးတွေ ပြောပါတယ်၊ အစဉ် အလာ မပျက်ယွင်းစေရပါဘူး၊ သမ္မတရုံးညွှန်မှူးရဲ့ Facebook စာမျက်နှာမှာ “အကျဉ်းထောင်အသီး သီးက ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထဲကနေ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ တောင်းဆိုလာလို့ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံ့အကျိုး ထမ်းဆောင်နိုင် ဖို့အတွက် နိုင်ငံတော် သမ္မတကြီးက ရည်ရွယ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ ငြိမ်းချမ်းစွာနဲ့ အောင်မြင် ပြီးစီးသွားပြီးတဲ့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ပထမအကြိမ် အောင်မြင်စွာ ပြီးစီးသွားတဲ့အချိန် The World Peace Buddist Conference ငြိမ်းချမ်းရေး ညီလာခံကြီး စတင် ကျင်းပတဲ့အချိန် ယနေ့ ပြန်လွှတ်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။

ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပအပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ပထမ အကြိမ် အောင်မြင်စွာ ကျင်းပအပြီး ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံကြီး စတင်ပြီး ကျင်းပတဲ့ရက်မှာ အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာပါတဲ့၊ တကယ့်ကို အကြီးကြီး စကားတွေပါ၊ လွှတ်ပေးတဲ့လူနဲ့ ပြောတဲ့စကား မျှတောင် မမျှပါဘူး။ နိုင်ငံအကျိုး ထမ်းဆောင်နိုင်ဖို့ဆိုတာကလည်း ယဉ်ကျေးမှု မပျက် ပါပါသေးတယ်။ ၁၉၈၈ ဒီဘက်ပိုင်း ကြေညာသမျှ လွတ်ငြိမ်းချမ်းသာ၊ လွတ်ငြိမ်းသက်သာ စတဲ့ အမိန့် တွေအားလုံးဟာ မောင်မှန် လေ့လာမိသမျှတော့ စီးစီးပိုးပိုးတွေချည်းပါပဲ။ တရားဝင် ကြေညာချက် ကလည်း စီးပိုးသလို တရားမဝင် လုပ်ရပ်တွေကလည်း ကောက်ညှင်းက အဘခေါ်ရလောက်ပါတယ်။ (၁၉၈၈ ဟိုဘက်ပိုင်းက လွတ်ငြိမ်း ကြေညာချက်တွေဟာ မစီးပိုးဘူးလို့ ပြောတာ မဟုတ်ဘူးနော်၊ စီးပိုးနိုင်တာပါပဲ၊ စနစ်ကလည်း စစ်အာစာရှင် စနစ်ပဲကိုး။ မောင်မှန် လက်လှမ်းမမီတာကိုသာ ပြောလိုရင်းပါ)။

နဝတ တက်ပြီးပြီးချင်း သိပ်မကြာခင်မှာ စတင်ကြေညာခဲ့တဲ့ လွတ်ငြိမ်းခွင့် ၄/၈၉ ကစလို့ အခုနောက်ဆုံး ကြေညာချက်အထိ အထိန်းအချုပ် အကန့်အသတ် မူဘောင်စည်းကမ်းတွေထဲကနေ ထွက်လာတာ မတွေ့ရသေးပါဘူး။ လှေထိုးကြီးရိုးရိုးဖြစ်တဲ့ ရှေးဟောင်းခံဝန်နည်းကစပြီး ခေတ်မီဆန်း ပြားတဲ့ လျှိုးဝှက် အသနားခံစာ ရေးနည်းအလယ် အခု အတွင်ကျယ်ဆုံး သုံးနေတဲ့ ၄၀၁(၁)နည်းအ ဆုံး သုံးနေကြတုန်းပါ။ ဝင်လာမစဲ တသဲသဲဖြစ်တဲ့ နိုင်/ကျဉ်းတွေကို ထွက်တော့ပြန်ချုပ် တလှုပ်လှုပ် ဖြစ်အောင် နည်းပေါင်းစုံ စဉ်းစားပြီး စီမံဆောင်ရွက်နေတာပါခင်ဗျာ၊။ လွတ်လွတ်ကျွတ်ကျွတ် များများ စားစား လွှတ်လိုက်တာဆိုလို့ ၂၀၁၁ တုန်းက တစ်ကြိမ်လောက်ပဲ ရှိမယ်ထင်ပါတယ်။ ဒါတောင် နိုင်/ကျဉ်းကုန်အောင် မလွှတ်ခဲ့ပါဘူး။ ဒီမိုကရေစီ အရပ်သားအစိုးရသစ်ဆိုတဲ့ ဆိုင်းဘုတ်ကြီးအောက် မှာတောင် နိုင်/ကျဉ်းက မကုန်ခဲ့ဘူး၊(လူကြီးတွေပြောသံ ကြားဖူးတာတော့ မဆလ စစ်အစိုးရခေတ် ၂/၈၀ လွတ်ငြိမ်းကြေညာချက် တစ်ခုထဲသာ နိုင်ကျဉ်းတွေ ကုန်အောင် လွှတ်ပေးခဲ့တာတဲ့။ ဒါလည်း ဆန်းလှတယ်၊ စေတနာကောင်းလှတယ်တော့ မဟုတ်ပါဘူး။ ခုလွှတ်လိုက်လည်း ခဏနေ ပြန်ဖမ်းလို့ ရနေတာပဲဟာ။)

မောင်မှန် အထက်မှာ တင်ပြခဲ့တဲ့ နိုင်/ကျဉ်း လွှတ်နည်းတွေဖက် ပြန်သွားကြရအောင်ပါ။ လှေကြီးထိုးရိုးရိုး ရှေးဟောင်း ခံဝန်နည်းဆိုတာကတော့ ရှင်းပါတယ်။ နိုင်ငံရေး အကျဉ်းသားဖြစ်ဖြစ်၊ အချုပ်သားဖြစ်ဖြစ်၊ ထိန်းသိမ်းခံဖြစ်ဖြစ်၊ နိုင်ငံရေးကို နောက်နောင် ယောက်လို့တောင် လှည့်မကြည့် တော့ပါဘူး၊ အဘားဘား ကြောက်နေပါပြီ။ နောင်ကျဉ်ပါပြီဆိုပြီး ခံဝန်ရေး လက်မှတ်ထိုးခိုင်းပြီး လွှတ်ပေးတဲ့နည်းပါ။ တစ်ရံတစ်ခါ ညစ်ပတ်ချင်ရင် ခံဝန်ထိုးပြီးတာတောင်မှ ဆက်ထားလိုက်သေး တယ်။ အဲဒီနည်းနဲ့ လွှတ်ပေးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ နိုင်ငံရေးကို အပြီးသတ် ပစ်လိုက်ပါတယ်။ စိတ်ဓာတ်မ ခိုင်သူ တစ်ချို့ကျ သတင်းပေးအဆင့်အထိပါ ဖြစ်သွားကြရှာတယ်။

ခေတ်မီဆန်းပြားတဲ့ လျှိုးဝှက်အသနားခံစာ ရေးနည်းကကျ ထောင်ထဲကရော၊ အပြင်က မိသား စုကပါ ဆောင်ရွက်လို့ ရပါတယ်။ အထဲနဲ့အပြင် ချိတ်ဆက်ဆောင်ရွက်လို့လည်း ရပါတယ်။ ဒါပေမဲ့ ဒီနည်းကို အသုံးပြုမယ့် နိုင်/ကျဉ်းဟာ လျှိုးဝှက်ရပါတယ်။ ယူဂျီ ဆန်ရပါတယ်။ ဘာလို့ဆို အထဲမှာ သူနေနေရတာက ဒီလိုကိစ္စမျိုးကို မနှစ်မျိုတဲ့ နိုင်/ကျဉ်း အများစုကြီးကြားမှာလေ၊ ပေါ်တင်ကြီး လျှောက်လုပ်ရင် ဂွမ်းသွားမှာပေါ့။ ဒီတော့ လျှိုးဝှက် လုပ်ရပါတယ်။

ခေတ်မီ ဆန်းပြားတယ်ဆိုတာက ဒီလို။ မောင်မှန့်ဘကြီး နိုင်/ကျဉ်းဟောင်းကြီး ကိုယ်တွေ့သိ မြင်ခဲ့ရတဲ့ ထောင်ထဲက လျှို့ဝှက်တင်တဲ့ နိုင်/ကျဉ်းအချို့ရဲ့ အသနားခံစာ ခေါင်းစီးလိပ်မူပုံကို ပြောတာပါ။ ဘဘ ဗိုလ်ချုပ်ကြီးခင်ဗျာတဲ့။ အဲဒါ အသနားခံသူ နိုင်/ကျဉ်းက ကိုယ့်သဘောနဲ့ကိုယ် ရေးရတာ မဟုတ်ဘူး။ အပေါ်က ထောက်လှမ်းရေးက ချပေးလိုက်တာ။  ရေးပြီးသား အသနားခံစာ လျှောက်လွှာမှာ နိုင်/ကျဉ်း ကလက်မှတ်ထိုးပေးလိုက်ရတဲ့ သဘောပဲ။

မောင်မှန်တို့ ဘကြီးတွေခေတ် တုန်းက ထောက်လှမ်းရေးတွေ ကောင်းစားတုန်းပဲ ရှိသေးတယ်၊ ဘဘဗိုလ်ချုပ်ကြီး ခင်ဗျာဆိုတာ သွားလေသူ (အနားပေးခံလိုက်ရတာကို ပြောတာပါ) ဗိုလ်ချုပ်ကြီးဘဘကို ရည်ညွှန်းကြရတာပါ။ ဒီနည်းက ခံဝန်ထက် ပိုနက်ရှိုင်းကောက်ကွေ့ပါတယ်။ ခံဝန်က ကိုယ်က သွားအသနားခံတာ မဟုတ် ပါဘူး။ သူက ကြောက်သလားမေးလို့ ကိုယ်က ကြောက်ပါပြီ ပြန်ဖြေတာ၊ ဒါကကျ ကိုယ်က တိတ်တိတ်ကလေး ဘေးလူတွေမသိအောင် ခြေသလုံး သွားဖက်ပြီး ကြောက်ပါပြီပြောတာ။

ခုတွင်ကျယ်နေတဲ့ ၄၀၁(၁)နည်းကတော့ ဥပဒေနဲ့အညီ၊ ဥပဒေနဲ့အညီလို့ အလျံပယ် ကြားနေ ကြရတဲ့ နည်းတွေထဲက တစ်နည်းပေါ့။ ဒါလည်း ရှင်းပါတယ်။ နောင် မလုပ်တော့ပါဘူး။ နောင်လုပ် လို့ထောင်ပြန်ကျရင် အခုခံဖို့ ကျန်တဲ့ ပြစ်ဒဏ်တွေကိုပါ တစ်ပေါင်းထဲ ကျခံပါ့မယ်လို့ဆိုပြီး လက်မှတ်ထိုး ပေးရတာပါ။ ထောင်ကြွေးကျန်စနစ် ခေါ်တာပေါ့၊ (မောင်မှန် ဝမ်းသာတာက ခုတစ်ခေါက် လွှတ်ပေး လိုက်တဲ့ နိုင်/ကျဉ်းအားလုံးလောက်ဟာ ၄၀၁(၁)ကို ခေါင်းခါပစ်ခဲ့ပြီး လက်မှတ်မထိုးဘဲ ဒီအတိုင်း ထွက်လာကြတာပါ)။

ဒီ ၄၀၁(၁)နဲ့ကတော့ နိုင်/ကျဉ်း တော်တော်များများ ကြုံဖူးကြပါတယ်။ ငြင်းသူတွေကို တကယ်လွှတ်မပေးဘဲ ထောင်ထဲ ပြန်ထည့်ထားတဲ့ ကာလတစ်ခုလည်း အသေအချာ ရှိခဲ့ပါတယ်။ မောင်မှန့် မိတ်ဆွေ ထောင်(၅၂)နှစ်ကျ တဲ့ နိုင်/ကျဉ်းဆိုရင် ထောင်ကျပြီးူ (၃)နှစ်လောက်မှာ ၄၀၁(၁) လက်မှတ်ထိုးခိုင်းတာ ငြင်းလိုက်ပါတယ်။ သူ့ယုံကြည်ချက်အတိုင်း ထောင်ထဲဆက်နေတာ ၁၄ နှစ်ကြာမှ ၂၀၁၁ မှ ထောင်က လွတ်ပါတယ်။ ထားပါတော့ မောင်မှန်ပြောချင်တာ စစ်အစိုးရအ ဆက်ဆက်ရဲ့ စီးစီးပိုးပိုး ရှိလှပုံတွေကိုပါ။ ၄၀၁(၁) ငြိမ်းချမ်းရေး စေတနာလို့လည်း ပြောလို့ရမယ် ထင်ပါတယ်။
အော် မေ့တော့မလို့၊ ရယ်စရာ ပြောရပါဦးမယ်။ ခုလွှတ်ပေးတဲ့အထဲ ကျောင်းသားတွေ မပါတာ ကျောင်းသားတွေဟာ ပြစ်ဒဏ်ကျခံနေတာ မဟုတ်ဘဲ တရားရုံးမှာ အမှုစစ်နေဆဲမို့ပါလို့ သမ္မတရုံး ညွှန်မှူးက ပြောပါသတဲ့။ ရယ်လိုက်ရတာ အူများတက်ပါတယ် ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly