ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၈ ဦး ရိုက်နှက်တိုက်ပိတ်ခံရပြီး ထောင်ဝင်စာပို့ခွင့် တလပိတ်ခံရ

By 001(မဇ္စျိမ)
06 August 2023
ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၈ ဦး ရိုက်နှက်တိုက်ပိတ်ခံရပြီး ထောင်ဝင်စာပို့ခွင့် တလပိတ်ခံရ
ပုံအညွှန်း- ဒိုက်ဦးအကျဥ်းထောင်မြေပုံ ( ဓာတ်ပုံ- Google Map) 44m

ပဲခူးတိုင်း၊ ဒိုက်ဦးထောင်(ကျိုက်စကော)တွင် နိုင်ငံရေးအကျဉ်းသားရှစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ထောင်ဝန်ထမ်းများက ဇူလိုင်လ ၂၅ ရက်မှစပြီး သြဂုတ်လ ၆ ရက်နေ့အထိ ရိုက်နှက် တိုက်ပိတ်ထားကာ ထောင်ဝင်စာပို့ခွင့် တလပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သား များကွန်ရက်ထံမှ သိရ သည်။

ဇူလိုင် ၂၅ ရက်နေ့က ထောင်ဝန်ထမ်းများက အဆောင်များအတွင်းသို့ ဝင်ရောက်စစ်ဆေးစဉ် နိုင်ငံရေး အကျဉ်းသား ကိုဖြိုးအောင်အား ထောင်ပုံစံထိုင်မှု မှားယွင်းသည်ဟုဆိုကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါကိစ္စအားဝင်ရောက်ပြောဆိုသည့် အခြားနိုင်ငံရေးအကျဉ်းသားခုနစ်ဦးပါ ရိုက်နှက် တိုက်ပိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။

“ပထမဦးဆုံးခေါ်ခံရတဲ့ ကိုဖြိုးအောင်ကတော့ တော်တော်လေးကိုမှ ရိုက်နှက်ခံရတယ်လို့ ပြောတယ်ဗျ။ ကျန်တဲ့သူတွေပါအရိုက်ခံရတော့ အခုက ပြန်ပြီး တင်ပြဖို့ ခဲယဉ်းသွားတာပေါ့။ တယောက် အပိတ်ခံရတာ ကို တင်ပြတဲ့သူတွေကိုပါ ထပ်ရိုက်ပြီးပိတ်တာဆိုတော့ ကျန်တဲ့သူတွေက ဘာမှမလုပ်ရဲတော့ဘူးဖြစ်သွား တာ”ဟု ကိုသိုက်ထွန်းဦးကပြောသည်။

တိုက်ပိတ်ခံထားရသူရှစ်ဦးအနက်မှ ကိုဖြိုးအောင်၊ ကိုအောင်ပိုင်နှင့် ကိုအောင်ပိုင်သူတို့သုံးဦးမှာ ထောင် ဒဏ်တသက် ချမှတ်ခံထားရသူများဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကပြောသည်။

ကျိုက်စကောထောင်တွင် ပြီးခဲ့သည့် ဇွန်လ၂၇ ရက်နေ့ကလည်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို ထောင်ပြောင်းမည်ဟုဆိုကာခေါ်ထုတ်ပြီးနောက် ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၀ ဦးထက်မနည်းရှိ ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများကပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားများကို အကျဥ်းထောင်တွင်း ရိုက်နှက်တိုက် ပိတ်ခြင်းအပြင် ထောင်ပြင်ပစစ်ကြောရေးများသို့ခေါ်ထုတ်ကာ ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိ သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကလည်း ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး စုစုပေါင်း   ၃၁ ဦးကို စစ်ကောင်စီက ရိုက်နှက်တိုက် ပိတ်ထားကာ ရိုက်နှက်ခံရမှုကြောင့် လေးဦးမှာ ထောင်တွင်းဆေးရုံတွင်ကုသနေရကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required