ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရ၍ ၂ ဦးသေဆုံး၊ ဆိပ်ခွန်ရွာတပ်စခန်းကို ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်

ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရ၍ ၂ ဦးသေဆုံး၊ ဆိပ်ခွန်ရွာတပ်စခန်းကို ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်

မတ်လ ၃၁ ရက်

ဝေယံမိုး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်္ဂလာရွာနှင့် ဇီးကုန်းရွာကြားလမ်းတွင် မိုင်းရှင်းလင်းရေးလုပ်နေသော စစ်ကောင်စီတပ်သားများအား ရှေ့ထွက်မိုင်းနှစ်လုံး ပါဆယ်မိုင်း လေးလုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ဆိပ်ခွန်ရွာ တပ်စခန်းအား ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် မိုင်းရှင်းလင်းသည့် စစ်ကောင်စီတပ်သား ၃၀ ခန့်အား မိုင်းခွဲတိုက် ခိုက်ခြင်းနှင့် ဆိပ်ခွန်ရွာတွင် တပ်စွဲကာ လမ်းသွားလမ်းလာပြည်သူများအား တားဆီးစစ်ဆေး ငွေတောင်းခံခြင်းပြုလုပ်နေသည့် စစ်ကောင်စီတပ်သားနှင့် ရဲသားများအား ဒေသခံကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

"မိုင်းထောင်ထားတဲ့လမ်းကတော့ လမ်းမကြီးတော့မဟုတ်ဘူး တစ်ရွာနဲ့တစ်ရွာကူးတဲ့လမ်းမျိုးပါ။ အဲ့မှာမိုင်းထောင်ထားတာ သူတို့ကကျွန်တော်တို့ ထောင်ထားတဲ့ပါဆယ်မိုင်းပေါ်မှာလာရပ်တာ အဲ့ချိန်မှာ ကျွန်တော်တို့က အဲ့ပွိုင့်ကိုခွဲလိုက်တာ နှစ်ယောက်လဲသွားတယ်" ဟု ရွှေဘိုမြို့အနောက်ဘက် ငါးမိုင်ခန့်အကွာ မင်္ဂလာရွာနှင့် ဇီးကုန်းရွာကြားလမ်းတွင်မိုင်းခွဲတိုက်ခိုက်ပုံကို SNAKE EYES - PDF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ကိုပြောသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများသည် မိုင်းခွဲသူရှိမည်ထင်သည့်နေရာများသို့ သေနတ်များပစ်ဖောက်ခဲ့သည်ဟုသိရသည်။

 

" သူတို့ပစ်တာကတော့ခဏပါပဲ ပြီးတော့ သူတို့လာရာလမ်းအတိုင်းပြန်ဆုတ်သွားပြီး ခပ်ဝေးဝေးကနေပြီး လှမ်းကြည့်နေတာ ချက်ချင်းအလောင်းလာမကောက်ဘူးဗျ" မိုင်းထိသည့် စစ်ကောင်စီတပ်သားများအခြေအနေကို မှန်ပြောင်းဖြင့်ကြည့်နေသည့် SNAKE EYES - PDFရဲဘော်တစ်ဦးကပြန်ပြောပြသည်။

 

ထို့နောက်စစ်ကောင်စီတပ်သားများသည် ၎င်းတို့၏ တပ်သားနှစ်ဦးအား လူနာတင်ကား သုံးစီးဖြင့် လာရောက်သယ်ဆောင်ကာ နောက်ကြောင်းလှည့်ပြန်သွားသည်ဟု SNAKE EYES - PDF

ပြန်ကြားရေးတာဝန်ခံကပြောသည်။

 

တပ်သားများ အထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့ပုံကိုလည်း “သူတို့ကရှေ့ဆက်တိုးမလာတာနဲ့ ကျွန်တော်တို့ပြန်ဆုတ်ခွါလာခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

 

ဆက်လက်၍ ရွှေဘိုမြို့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ ဆိပ်ခွန်ရွာတွင် တပ်စွဲကာ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးခြင်း ငွေများတောင်ခံခြင်းပြုလုပ်နေသည့် စစ်ကောင်စီတပ်သားနှင့်ရဲသား အင်အား ၁၅ဦးခန့်အား ဒရုန်းဖြင့် လက်လုပ်ဗုံးသီး လေးကြိမ်ချကာတိုက်ခိုက်ခဲ့သေးကြောင်း SNAKE EYES - PDF

ပြန်ကြားရေးတာဝန်ခံကပြောသည်။

 

"သူတို့ငွေတောင်းတဲ့ လမ်းမနားက ဂိတ်မှာရှိနေတဲ့အချိန် တစ်လုံးချတယ် အဲ့မှာထွက်ပြေးပြီး စခန်းချတဲ့စာသင်ကျောင်းထဲပြေးကြတာ ဒါကို နောက်ထပ်အလုံးတွေထပ်ချပြီးတိုက်ခိုက်ခဲ့တာပါ" ဟု ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပုံကို SNAKE EYES - PDFပြန်ကြားရေးတာဝန်ခံကပြောသည်။

 

ထိုတိုက်ခိုက်မှုတွင် စခန်းမှူး၏ ကား တစ်စီး ပျက်စီး၍ ထိခိုက်ဒဏ်ရာရမှုအခြေအနေမသိသေးကြောင်း  တော်လှန်ရေးအင်အားစုများ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း SNAKE EYES - PDF အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီကနေ့ထုတ်ပြန်ထားသည်။

 

ထိုတိုက်ခိုက်မှုအား ဒေသခံတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် SNAKE EYES - PDF | C&T(SHWEBO) | People Defence Force - Shwebo | Alpha-7 | နဂါးတပ်စု | ဒေါင်းမာန် နှင့်

ဘိန်းဘုရင်ခွန်ဆာအဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ထိုသို့ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ ဗုံးသီးတစ်လုံးချနိုင်ရန် မြန်မာကျပ်ငွေ ၁၅၀၀၀၀ ကျပ်ခန့် ကုန်ကျပြီး ပြည်သူများအနေဖြင့် လှူဒါန်းကူညီပေးကြရန်လည်း SNAKE EYES - PDFအဖွဲ့က နှိုးဆော်ထားသည်။

 

ရွှေဘိုနယ်အား စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားပြီး တော်လှန်ရေးအဖွဲ့များ အလှူငွေကောက်ခံနိုင်ရန်အခက်အခဲဖြစ်နေသလို သတင်းထုတ်ပြန်ရန်အတွက်လည်း အင်တာနက်ရှိသည့် ဒေသများသို့ ခရီးသွားလာနေရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly