ယူကရိန်းတွင် ‘လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းများ’ ဖွင့်လှစ်ရန် ရုရှ စီစဉ်သော်လည်း စိုးရိမ်မှုများ ရှိနေ 

ယူကရိန်းတွင် ‘လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းများ’ ဖွင့်လှစ်ရန် ရုရှ စီစဉ်သော်လည်း စိုးရိမ်မှုများ ရှိနေ 
Photo - AFP

မတ်လ ၈ ရက်

ယူကရိန်းတွင် ဝိုင်းရံပိတ်ဆို့ခံ မြို့များမှ လွတ်မြောက်ရန် အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားရေး စင်္ကြံများ ဖွင့်လှစ်ရေး အင်္ဂါနေ့၌ ရုရှက စီစဉ်သော်လည်း ယင်း လုပ်ဆောင်ချက်သည် လူအများစိတ်ဝင်စားအောင် ထွင်လုံးသာဖြစ်ပြီး ပြည်သူများအနေဖြင့် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ဟု ယူကရိန်းက အတိအလင်း ပြောဆိုသည်။ 

ရုရှ ကျူးကျော်တပ်များက ကြီးမားသော လက်နက်ကြီး ပစ်ခတ်မှုများ ဆင်နွှဲနေဆဲ အချိန်၌ လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းအများစုသည် ရုရှ သို့မဟုတ် ၎င်း၏ မဟာမိတ် ဘီလာရုစ်သို့ ဦးတည်သော စင်္ကြံလမ်းကြောင်းများသာ ဖြစ်ခြင်းကြောင့် ရုရှ၏ အရပ်သားများ ဘေးလွတ်ရာ ရွေ့ပြောင်းပေးမှု ကမ်းလှမ်းချက်သည် ရှုတ်ချခံရသည်။ 

ရုရှသည် ၎င်း၏ တပ်ဖွဲ့ဝင်များကို အင်အား တိုးမြှင့်နေပြီး အဓိက ပဋိပက္ခဇုန်များ၌ တပ်ဖြန့်တပ်စွဲခြင်းများ ရှိနေကြောင်း စစ်ပွဲ သီတင်းနှစ်ပတ်နီးပါး ရှိလာချိန် အင်္ဂါနေ့တွင် ယူကရိန်း စစ်တပ်က ပြောသည်။ 

ရုရှ၏ ယူကရိန်းအား ကျူးကျော်မှုကြောင့် ဥရောပတိုက်တွင် အကြီးဆုံး စစ်ပွဲ ပေါ်ပေါက်ပြီး ဒုတိယကမ္ဘာစစ်မှနောက်ပိုင်း အကြီးမားဆုံး ဒုက္ခသည်အကျပ်အတည်း ဖြစ်ပေါ်လျက် ရှိသည်။ ရုရှအား အနောက်အုပ်စုများက ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် တုံ့ပြန်ကြခြင်းကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လျက် ရှိသည်။ 

မြို့တော် ကိယက်ဗ်အပြင် မာရူပို၊ ခါကိဗ်နှင့် ဆူမီမြို့များမှ လမ်းကြောင်းများကို စာရင်းပြပြီး ယူကရိန်း၏ အတည်ပြုချက်အရ ဂရင်းနစ်စံတော်ချိန် အင်္ဂါနေ့ ၀၇၀၀ နာရီမှစ၍ ‘လူသားချင်းစာနာထောက်ထားရေး စင်္ကြံများ” ဖွင့်လှစ်မည်ဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ပြောခြင်း ဖြစ်သည်။ 

အဆိုပါ ရုရှ၏ ယင်း ကမ်းလှမ်းချက်ကို ယူကရိန်းက ကနဦးတွင် တုံ့ပြန်ခြင်း မရှိပေ။ 

သို့ရာတွင် ရုရှသည် ယခင် လွတ်မြောက်ရေး လမ်းကြောင်း သဘောတူညီချက်အပေါ်တွင်လည်း ကတိပျက်ကွက်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက စွပ်စွဲသည်။ လမ်းများပေါ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ထောင်ထားခြင်းကဲ့သို့သော လုပ်ဆောင်မှုများဖြင့် ပြည်သူများအား မသွားနိုင်အောင် ကြိုးစားနေသည်ဟု ဇယ်လန်စကီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly