ယူကရိန်းတွင် ထာဝရငြိမ်းချမ်းမှုရရှိရေး အိန္ဒိယ၏ပါဝင်မှုကို အမေရိကန် ကြိုဆို

ယူကရိန်းတွင် ထာဝရငြိမ်းချမ်းမှုရရှိရေး အိန္ဒိယ၏ပါဝင်မှုကို အမေရိကန် ကြိုဆို

ယူကရိန်းနိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာကို အသိအမှတ်ပြုသည့် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုရရှိရေး ကူညီရာတွင် အိန္ဒိယဖြစ်စေ၊ အခြားနိုင်ငံဖြစ်စေ ပါဝင်နိုင်မည့် အခန်းကဏ္ဍကို အမေရိကန်က ကြိုဆိုကြောင်း ဇူလိုင်လ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောကြားလိုက်သည်။

ရုရှားနှင့် ယူကရိန်းအကြား ကာလရှည်ပဋိပက္ခ အဆုံးသတ်ရေးအတွက် အိန္ဒိယနိုင်ငံဖြစ်စေ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီဖြစ်စေ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်မလားဟု မေးမြန်းခဲ့ရာ  “ယူကရိန်းရဲ့ နယ်မြေ ပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုတဲ့ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှုရရှိရေး ကူညီရာမှာ အိန္ဒိယဖြစ်စေ၊ အခြားနိုင်ငံဖြစ်စေ ပါဝင်နိုင်မည့် အခန်းကဏ္ဍကို မိမိတို့အနေနဲ့ ကြိုဆိုပါတယ်” ဟု မီလာက ပြောကြားခဲ့သည်။ 

ယူကရိန်းနှင့် ပဋိပက္ခသည် ရုရှားအတွက် မဟာဗျူဟာ ကျရှုံးမှုဖြစ်ကြောင်းနှင့် ရုရှားသည် စစ်သည်များ၊ လက်နက်ကိရိယာများ ဆုံးရှုံးခဲ့ရကြောင်း မီလာက ပြောကြားခဲ့သည်။ ပဋိပက္ခ စတင်ချိန်မှစ၍ ယူကရိန်းအပေါ် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုကို အမေရိကန်က ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ထပ်မံမေးမြန်းရာ "စစ်သားတွေရော၊ စစ်လက်နက်ပစ္စည်းတွေ ရော နှစ်မျိုးစလုံး ဆုံးရှုံးခဲ့ရတဲ့ ရုရှားအတွက် ဒီစစ်ပွဲက မဟာဗျူဟာကျရှုံးမှု ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရုရှားရဲ့ ရပ်တည်မှုကို ထိခိုက်စေခဲ့ပါတယ်။ မိမိတို့ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပို့ကုန်ထိန်းချုပ်မှုတွေကြောင့် ရုရှားရဲ့ စီးပွားရေး ထိခိုက်သွားခဲ့ပါတယ်” ဟု မီလာက ပြောကြားခဲ့သည်။ 

 ပဋိပက္ခစတင်ကတည်းက ယူကရိန်းရရှိထားတဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကို မိမိတို့ ကြိုဆိုပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ယူကရိန်းပဋိပက္ခအပေါ် စိုးရိမ်ကြောင်းနှင့် ထိတ်လန့် ကြေကွဲဖွယ်ကောင်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်များနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်ရကြောင်း ဇွန်လတွင် ပြောကြားခဲ့သည်။ ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် နိုင်ငံတကာဥပဒေများ၊ ကုလသမဂ္ဂပဋိညာဉ်ပါ အခြေခံမူများနှင့် နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုတို့ကို လေးစားလိုက်နာရန် နှစ်နိုင်ငံခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။

စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် စွမ်းအင်ဖူလုံမှု အပါအဝင် ကမ္ဘာ့စီးပွားရေးစနစ်နှင့် အရေးပါသော ထုတ်လုပ် ရောင်းချရေး လုပ်ငန်းစဉ်များအပေါ် ဆိုးရွား ကြီးထွားလာသည့် စစ်ပွဲ၏ အကျိုးသက်ရောက်မှုများကို နှစ်နိုင်ငံခေါင်းဆောင်များက အလေးထားဖော်ပြခဲ့ကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် စစ်ပွဲ၏အကျိုးဆက်များ လျော့ပါးသက်သာစေရေး ပိုမိုကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယူကရိန်းပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ကတိပြုခဲ့သည်။ နိုင်ငံတကာဥပဒေများ၊ ကုလသမဂ္ဂပဋိညာဉ်ပါ အခြေခံမူများနှင့် နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့ကို လေးစားလိုက်နာရန် တိုက်တွန်းခဲ့ကြသည်။ ယူကရိန်းတွင် ပဋိပက္ခအလွန် ပြန်လည်တည်ဆောက်ရေး၏ အရေးပါမှုအပေါ် နှစ်နိုင်ငံစလုံး၏ သဘောထားမှာ အတူတူပင်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဝန်ကြီးချုပ် မိုဒီသည် မေလအတွင်း ဟီရိုရှီးမားမြို့တွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေး၏ ပူးတွဲအစည်းအဝေးတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးနှင့် တွေ့ဆုံခဲ့ပြီး ရုရှားနှင့် ယူကရိန်းတို့အကြား ပဋိပက္ခကို ဖြေရှင်းရာတွင် အိန္ဒိယက ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ 

ပဋိပက္ခဖြေရှင်းရန် အိန္ဒိယနိုင်ငံနှင့် မိမိတို့အနေဖြင့် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် ယမန်နှစ် ဖေဖော်ဝါရီလ ၂၄ ရက် နောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သည်။

ထို့ပြင် ပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ ဝန်ကြီးချုပ် မိုဒီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်ရော၊ ယူကရိန်း သမ္မတ ဇီလန်းစကီးနှင့်ပါ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းရန် ၎င်းတို့ကို တိုက်တွန်းထားသည်။

ယခုခေတ်သည် စစ်ပွဲဆင်နွှဲရသည့်ခေတ် မဟုတ်တော့ကြောင်း ဝန်ကြီးချုပ် မိုဒီက သမ္မတပူတင်အား ယမန်နှစ် စက်တင်ဘာလတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required