မင်းတပ်-မတူပီ လမ်းမကြီးကို အသုံးပြုရန် စစ်ကောင်စီ ဗျူဟာမှူး ပြော

မင်းတပ်-မတူပီ လမ်းမကြီးကို အသုံးပြုရန် စစ်ကောင်စီ ဗျူဟာမှူး ပြော

မတ် ၇

ချင်းပြည်နယ် ကုန်သည်များနှင့် ကားသမားများ မင်းတပ်-မတူပီ ကားလမ်းမကြီးကို အသုံးပြုကြရန် မတူပီ အခြေစိုက် စစ်ဗျူဟာမှူးက ပြောကြောင်း ကားသမားများ ထံက သိရသည်။

မင်းတပ်-မတူပီ လမ်းကြော၌ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကုန်သည်များနှင့် ကားသမားများက မိုင်ပေါင်း နှစ်ဆ နီးပါး ပိုဝေးသည့် ပခုက္ကူ-ဂန့်ဂေါ်-မတူပီ ကားလမ်းမကြီးကိုသာ အသုံးပြု နေကြသည်။

''ဗျူဟားမှူးက ကုန်သည်တွေနဲ့ ကားဆရာတွေကို ခေါ်ပြောတာ။ မင်းတပ်-မတူပီ ပြည်ထောင်စု လမ်းမကြီးကနေသာ သွားကြပါ ပေါ့နော်။ လမ်းမှာ စစ်တပ်က စစ်ဆေးတာတွေ ဘာတွေကို သူတာဝန်ယူမယ်။ CDF တွေကို ကြတော့ ကိုယ့်ဘာသာ ကိုယ်ရှင်းဆိုတဲ့ သဘောမျိုး ပြောတာ ပေါ့နော်။ ပြီးတော့ သူပြောတာက အခုလို မတူပီမှာ ကုန်ကားတွေ မဝင်တာတွေ၊ ကုန်ဈေးနှုန်း ကြီးတာတွေ ဆိုတာ သူတို့ကြောင့် မဟုတ်ဘဲ CDF တွေက လမ်းတွေပိတ် ၊မိုင်းတွေ ထောင်းလို့ ကားတွေ မဝင်တာ ဆိုပြီးလည်း သူကပြောတယ်'' ဟု ကားဆရာ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း မတူပီမှ ပခုက္ကူသို့ ထွက်ခွာသွားသည့် ခရီးသည်ယာဉ် ၁၀ စီး နှင့် ကုန်တင်ကား ၁၀ စီးသည် မင်းတပ်-မတူပီ လမ်းတစ်ဝက်မှ မတူပီသို့ ပြန်လှည့် လာခဲ့ကြကြောင်း သိရသည်။

'' အခုက မတူပီကနေ ပခုက္ကူကို ခရီးသည် တစ်ယောက်ကို အရင်က ကျပ် ၂၀,၀၀၀ ကျော်ပဲ ပေးရတယ်။ အခု ကားခ ၅၀,၀၀၀ တောင်းတယ်။ ဒါတောင် မတူပီကနေ ဂန့်ဂေါ်-ပခုက္ကူ လမ်းကနေ သွားမယ်ဆိုရင် ၁၅၀,၀၀၀ တောင်းနေကြတယ်။ ခရီးသည် တွေကလည်း သေရေး ရှင်ရေး ဆိုတော့ သွားနေရတယ် ''ဟု မတူပီ ဒေသခံ တစ်ဦးက ပြောသည်။

မတူပီ အခြေစိုက် စစ်ကောင်စီ ဗျူဟာမှူးသည် မြို့မိမြို့ဖများ ၊ ဘာသာရေး ဆရာတော်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ခေါ်ယူတွေ့ဆုံပြီး လမ်းများ ပိတ်ဆို့ခြင်းသည် စစ်တပ်ကို ထိခိုက်မှု မရှိကြောင်းနှင့် မြို့ခံလူထုသာ နစ်နာမည် ဖြစ်ကြောင်း၊ စစ်တပ်သည် ရိက္ခာအတွက် စစ်ယာဉ်တန်းဖြင့် သယ်ယူ နိုင်ပြီး လိုအပ်လျှင် ရဟတ်ယာဉ်ဖြင့်လည်း သယ်ယူ နိုင်သည်ဟု ပြောဆိုခဲ့သည်။

''စစ်ကောင်စီ တပ်တွေက မင်းတပ်-မတူပီ လမ်းမကြီးကို သူတို့ ထိန်းချုပ်ထားနိုင်ပြီ ဆိုတာကို ပြချင်တယ် ထင်တယ်။ ဒီလမ်းမကြီးကနေပဲ သွားခိုင်းနေတယ်။ တစ်ခါ CDF ကလည်း လုံခြုံရေးကြောင့် ဒီလမ်းကို သွားရင် သူတို့ကို အကြောင်းကြားပြီးမှ သွားစေချင်တယ်။ တချို့က ခရီးသည် ယောင်ဆောင်ပြီး စစ်ကောင်စီတပ်တွေ ပါမှာ စိုးကြတယ်'' ဟု ခရီးသည်တင် ကားဆရာ တစ်ဦးက ဆိုသည်။

#Mizzima

#မင်းတပ်မတူပီလမ်းမကြီး

#ချင်းပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required