ဖိအားများ တိုးမြှင့်နေချိန် ယူကရိန်းရှိ ခါကိဗ်မြို့ကို ရုရှက လက်နက်ကြီးများဖြင့် တိုက်ခိုက် 

ဖိအားများ တိုးမြှင့်နေချိန် ယူကရိန်းရှိ ခါကိဗ်မြို့ကို ရုရှက လက်နက်ကြီးများဖြင့် တိုက်ခိုက် 
Photo - AFP

မတ် ၁

ရုရှအား စစ်ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးခြင်း၊ စီးပွားရေးအပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်းများနှင့် FIFA က ရုရှကို ကမ္ဘာ့ဖလားမှ တားမြစ်ခြင်းတို့ကို မြင်တွေ့ရသည့် ကမ္ဘာလုံးဆိုင်ရာ ဖိအားပေးမှုများကို အာခံပြီး ရုရှနိုင်ငံသည် ယူကရိန်းအား ကျူးကျော်စစ်ကို ဆက်လက်ဆင်နွှဲပြီး ခါကိဗ်မြို့ကို အင်္ဂါနေ့တွင် အမြောက်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်သည်။ 

စစ်ပွဲစတင်ချိန်မှ ပထမဆုံးဖြစ်သည့် တနင်္လာနေ့က ဆွေးနွေးပြောဆိုမှုသည် အခက်အခဲမှ ကျော်လွှားနိုင်ရေးအတွက် အာမခံပေးနိုင်မှု မရရှိခဲ့ပြီးနောက် ရုရှသည် လူနေဧရိယာမျာကို ဆက်လက်ပစ်မှတ်ထားနေကာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ရုရှလေယာဉ်နှင့် သင်္ဘောများကို ကမ္ဘာလုံးဆိုင်ရာ ပိတ်ပင်တားဆီးရန် တောင်းဆိုသည်။ 

“ဒီနိုင်ငံအတွက် ကျွန်တော်တို့ဟာ ဆိပ်ကမ်းတွေ အားလုံး၊ တူးမြောင်းတွေ အားလုံး၊ တစ်ကမ္ဘာလုံးက လေဆိပ်တွေအားလုံးကို ပိတ်ထားရမှာ ဖြစ်တယ်”ဟု ၎င်းက ဖေ့ဘုတ်တွင် ရေးသားသည်။ 

ခရိုင်းမီးယားဒေသကို ရုရှ အချုပ်အခြာပိုင်အဖြစ် အသိအမှတ်ပြုရေးနှင့် ယူကရိန်း၌ စစ်ရေးလှုပ်ရှားမှုများ ကင်းစေရေးတို့ အပါအဝင်ဖြစ်တဲ့ ရုရှနိုင်ငံ၏ တောင်းဆိုချက်ကို သမ္မတ ဗလာဒီမာ ပူတင်က အစောပိုင်းတွင် အကြမ်းဖျင်း ဖော်ပြထားသည်။ 

ရုရှ-ယူကရိန်း ဆွေးနွေးပွဲများ မတိုင်မီ အချိန်ပိုင်း၌ ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းပြောဆိုရာတွင် ပူတင်က ၎င်း၏ လိုလားချက်များကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းအစား ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ရုရှအား အပြစ်ဆိုခြင်းနှင့် နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က စစ်ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးခြင်းများ အပါအဝင် ကမ္ဘာ့က ပြင်းထန်သော သံတမန်ရေး၊ စီးပွားရေး၊ ယာဉ်ကျေးမှုနှင့် အားကစားကဏ္ဍ တားမြစ်ပိတ်ပင်ခြင်းများဖြင့် တုံ့ပြန်ခဲ့ကြသည်။  

“ယူကရိန်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှု နှစ်ရပ်စလုံးအတွက် စွပ်စွဲချက်တွေအပေါ် ယုံကြည်ချက်ရှိနေတာအတွက် ကျွန်တော် ကျေနပ်မိတယ်”ဟု ICC ရှေ့နေ ကာရင် ခန်းက ထုတ်ပြန်ချက်၌ ဆိုသည်။ 

ကုလသမဂ္ဂ အထူးညီလာခံတွင်လည်း “အကြောင်းမဲ့”ပြီး “တရားနည်းလမ်းမကျ”သော တိုက်ခိုက်မှုများ ရပ်တန့်ရန် ရုရှအား တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

“ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ပစ်ရမှာ ဖြစ်တယ်၊ တော်လောက်ပြီ ဖြစ်ပါတယ်”ဟု တနင်္လာနေ့က အထွေထွေညီလာခံအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က မေတ္တာရပ်ခံခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly