ယူကရိန်းစစ်ပွဲအတွင်း ကလေး ၇ ဦးအပါအဝင် အရပ်သား ၁၀၀ ကျော် သေဆုံးဟု ကုလ ပြော

ယူကရိန်းစစ်ပွဲအတွင်း ကလေး ၇ ဦးအပါအဝင် အရပ်သား ၁၀၀ ကျော် သေဆုံးဟု ကုလ ပြော
Photo - AFP

ဖေဖော်ဝါရီလ ၂၈ ရက်

ရုရှက ယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှု ငါးရက်မြောက်နေ့ ရောက်လာခဲ့ပြီးနောက် ယူကရိန်း၌ ကလေးငယ် ခုနစ်ဦး အပါအဝင် အရပ်သား ၁၀၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဖေဖေါ်ဝါရီ ၂၈ ရက်တွင် ပြောသည်။

ထို့ပြင် အမှန်တကယ် ကိန်းဂဏန်းများက ယင်းထက် ပိုများနေနိုင်ကြောင်းလည်း ၎င်းက သတိပေးသည်။

ရုရှက ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်း၌ သေဆုံးသူ ၁၀၂ ဦးအပါအဝင် အရပ်သား သေကျေ၊ ဒဏ်ရာရသူ ၄၀၆ ဦး ရှိသည်ဟု သူမ၏ ရုံးက မှတ်တမ်းတင် စာရင်းရရှိထားကြောင်း ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မစ်ချဲလ် ဘက်ချ်လက်က ကုလ လူ့အခွင့်အရေးကောင်စီသို့ ပြောသည်။

“ဒီ အရပ်သားတွေထဲက အများစုကတော့ အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာတွေ၊ အမြှောက်တွေနဲ့ ပစ်ခတ်မှုတွေ အပါအဝင် ကျယ်ပြန်တဲ့ ထိခိုက်မှု ဧရိယာတစ်ခုမှာ ပေါက်ကွဲစေတဲ့ လက်နက်တွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်” ဟု သူမက ပြောသည်။

“တကယ့် မြေပြင်က ကိန်းဂဏန်းတွေ ဒီထက် အတော်လေး ပိုများနေနိုင်မှာကိုလည်း ကျွန်မ စိုးရိမ်မိပါတယ်” ဟု သူမက ပြောသည်။

ယူကရိန်းတွင် ထိခိုက်ခံစားရမှုက ပျံ့နှံ့ဖြစ်ပေါ်နေခဲ့ကြောင်း ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောသည်။

“ခုခံနိုင်စွမ်းအားနည်းတဲ့သူတွေ၊ သက်ကြီးတွေ အပါအဝင် အရပ်သား သန်းချီဟာ ပေါက်ကွဲမှုတွေကနေ လွတ်အောင်လို့ မြေအောက် ဘူတာရုံတွေလိုမျိုး မတူညီတဲ့ ပုံစံတွေနဲ့ ဗုံးခိုနေရာတွေမှာ တိုးဝှေ့ပူးကပ် နေနေကြရပါတယ်” ဟု သူမက ပြောသည်။

ယူကရိန်းနိုင်ငံအတွင်း လူအများအပြား အိုးအိမ်စွန့်ခွာထားကြရသလို လူပေါင်း ၃၆၈,၀၀၀ ခန့်သည် နိုင်ငံကနေ ဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့သည်ကို ကုလ ဒုက္ခသည်အေဂျင်စီက စာရင်းပြုစုထားကြောင်း သူမက ပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly