ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ် ထုတ်ကုန် မြန်မာဘီယာ တင်ဆောင်သည့်ကား မီးရှို့ဖျက်ဆီးခံရ

By စိုင်းခန့်
25 February 2022
ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ် ထုတ်ကုန် မြန်မာဘီယာ တင်ဆောင်သည့်ကား မီးရှို့ဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် မြန်မာဘီယာ တင်ဆောင်လာသည့် ကားကို ဖေဖော်ဝါရီလ ၂၃ ရက် ညနေပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွာငံ) တာဝန်ရှိသူက ပြောသည်။

ရွာငံမြို့သို့ စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာများ လာပို့သည့် မော်တော်ယာဉ် အောင်ပန်းမြို့သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရသည့် အတွက် ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ ညောင်ပင်ခရွာ မြောက်ဘက် လမ်းတစ်နေရာတွင် ကာကွယ်ရေးတပ်ဖွဲ့က တားဆီး မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“မြန်မာဘီယာကား ရွာငံကို လာချပြီး အောင်ပန်း ပြန်မယ် သတင်းရလို့ မြင်းကျဒိုးနားမှာ ဒီကောင်တွေ ပြန်မယ့် အချိန်ကို သွားစောင့်နေတယ်။ လာတဲ့အချိန် ကားကို ဆိုင်ကယ်နဲ့ တားလိုက်တယ်။ တားပြီးတော့ ကားသမားတွေ အကုန်ဆင်းခိုင်းတယ်။ ဆင်းခိုင်းပြီးတော့ မြန်မာဘီယာ ကိုယ်စားလှယ် ဟုတ်လား သေချာလား မေးလိုက်တယ်။ ပြီးတော့ ကားနောက်ဖုံးတွေ ဖွင့်လိုက်ပြီး ဘီယာတွေကို ဖျက်ဆီးတယ်။ ကားပေါ် မှာရှိတဲ့ ပစ္စည်းတွေကို မီးရှို့ခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွာငံ) တာဝန်ရှိသူက ပြောသည်။

ကားပေါ်ပါ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ဖာသုံးဆယ်ကျော်နှင့် ကားကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ယာဉ်မောင်းနှင့် လိုက်ပါလာသူ နှစ်ဦးကို သတိပေး ပြောဆိုကာ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီး မခံရမီ သေနတ် ပစ်ဖောက်သံများ ကြားခဲ့ရပြီး မီးလောင်သည့် မော်တော်ယာဉ် ပေါက်ကွဲကာ လမ်းဘေး ထိုးကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြည်သူလူထု အနေဖြင့် စစ်တပ်ထုတ်ကုန်များ သုံးစွဲခြင်း မပြုဘဲ သပိတ်မှောက်ကြရန်နှင့် လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ အနေဖြင့် ဖက်ဆစ် ထုတ်ကုန်များအား ရောင်းဝယ် ဖောက်ကား သုံးစွဲခြင်း မပြုရန် မေတ္တာရပ်ခံကြောင်း YPDF တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ မြို့နယ် ကိုးခုမှ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် ၁၅ ဆိုင်ကို စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ ဆက်လက် ရောင်းဝယ်ခြင်း မပြုလုပ်ရန် Yangon Urban Guerrillas မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ သတိပေးခဲ့သည်။

#ရွာငံ

#စစ်ကောင်စီတပ်ထုတ်ကုန်

#မြန်မာဘီယာ

#YPDF

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly