ပုသိမ်မြို့၌ အလုပ်ပြန် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်သားများက ရိုက်နှက်ဖမ်းဆီး

ပုသိမ်မြို့၌ အလုပ်ပြန် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်သားများက ရိုက်နှက်ဖမ်းဆီး

ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက် ကွမ်းခြံ လမ်းဆုံ၌ အလုပ်မှ ပြန်လာသည့် လူငယ် နှစ်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက် ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်များနှင့် ရဲများသည် ကွမ်းခြံလမ်းဆုံတွင် ညစဥ် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး အဆိုပါ လူငယ်နှစ်ဦးကို ရိုက်နှက် ဖမ်းဆီးစဥ် အချိန်တွင် အရက်မူး နေကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

"ကောင်လေး နှစ်ယောက်က ဆိုင်ကယ်နဲ့ လာတာကို စစ်သားတွေက တားပြီးစစ်တယ်။ စစ်တော့ ကောင်လေး နှစ်ယောက်က ကမ်းနားလမ်းက ပိုလန် ဂိုထောင်မှာ ဖွဲထမ်းပြီးအလုပ်ပြီးလို့ မင်းဂုန်းကြီးရွာကို ပြန်မှာလို့ ရှင်းပြတယ်။ အဲ့ဒါကို စစ်သားတွေက ကောင်လေးရဲ့ ခြေထောက်မှာ အနာရှိလို့ ဆိုပြီး ဝိုင်းရိုက်တာပါ။ ခြေထောက်တွေနဲ့လည်း ကန်တယ်။ ပြီးတော့မှ ကားပေါ်ကို ဆွဲတင်ပြီး ဖမ်းခေါ်သွားတာပါ "ဟု အဆိုပါ ဒေသခံက ပြောသည်။

ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးမှာ အသက် ၂၀ ဝန်းကျင် အရွယ်များ ဖြစ်သည်ဟု ဆိုသည်။

"ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ရဲ့ခြေထောက်မှာ အနာရှိလို့ စစ်သားတစ်ယောက်က ဘာဖြစ်တာလဲလို့ မေးတယ်။ မေးတော့ ကောင်လေးက အလုပ်မှာ စက်ညှပ်တာပါလို့ ပြောတာကို အော်ဟစ်ဆဲပြီး ဝိုင်းရိုက်တာပါ။ ဆိုင်ကယ်ကိုပါ သိမ်းသွားတယ်" ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦး၏ အမည်နှင့် နေရပ်လိပ်စာ အတိအကျကို မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။

ပုသိမ်မြို့၌ စစ်ကောင်စီ တပ်များနှင့် ရဲများကညစဉ် ညတိုင်း မြို့ပေါ် လမ်းဆုံ လမ်းခွများတွင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး အရက်မူးကာ အော်ဟစ် ဆဲဆိုခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly