ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ စစ်ကောင်စီတပ်ယာဉ်တန်း ထွက်ခွာလာနေသဖြင့် သတိပေးစာ PDF – Zoland ထုတ်ပြန်

By ပါခွီး
18 April 2023
ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ စစ်ကောင်စီတပ်ယာဉ်တန်း ထွက်ခွာလာနေသဖြင့် သတိပေးစာ PDF – Zoland ထုတ်ပြန်

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ်များ တက်လာနေသဖြင့် ပြည်သူများ ခရီးသွားခြင်း ၊ တောထွက်ခြင်း များမပြုလုပ်ကြရန် Zomi Federal Union (ZFU)/PDF Zoland က ထုတ်ပြန်သည်။

ဧပြီလ ၁၈ရက် ယနေ့နံနက် ၅နာရီ ၃၀မိနစ်ခန့်တွင် ကလေးမြို့မှ စစ်ကား လေးစီး အပြည့်ဖြင့် တီးတိန်မြို့နယ်ဘက်သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်းသိရသည်။

“တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် အဲဒီလမ်းမပေါ်ကို ပြည်သူများ ရောက်မလာဘို့ အဓိက သတိပေးတာပါ” ဟု ZFU/PDF Zoland တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ကလေး - တီးတိန်လမ်းမပေါ်တွင် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ခရီးသွားခြင်း ၊ တောထွက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာအသိပေးအပ်ကြောင်း ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် ယာဉ်တန်းသည် ဟိန်ဇိန် (Hiangzing) ရွာနားတွင် ရပ်နားထားပြီး ပြည်သူကားများကို ချောဆွဲနေကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ်သည် တီးတိန်မြို့နယ်အတွင်းရှိ Taingen ၊ သိုင်းငင်း အစရှိသော တပ်စခန်းများကို အင်အားဖြည့်ရန်နှင့် တီးတိန်မြို့အထိ တက်သွားနိုင်ကြောင်း တာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။

မတ်လ ၇ရက်နေ့ကလည်း ကလေးမြို့မှ ချင်းပြည်နယ်သို့ သံချပ်ကာ နှစ်စီး ၊ မြေကော်စက်တစ်စီးအပါအဝင် ကုန်တင်ယာဉ် အစီး ၃၀ အင်အား ၂၀၀ခန့် ဖြင့် တက်ရောက်ခဲ့သေးသည်။

အဆိုပါ ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော် အပါအဝင် ဒေသခံ ချင်းကာကွယ် ရေးတပ်ဖွဲ့များမှ အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၉ရက်နေ့တွင် ဖလမ်းမြို့သို့ရောက်ခဲ့ပြီး မတ်လ၂၁ရက်နေ့တွင် ဖလမ်းမှ ဟားခါးသို့ ဆက်လက်ထွက်ခွာရာ ဧပြီလ ၁၃ရက်နေ့တွင် ချွန်ကျုံးကျေးရွာအနီးတွင် စစ်ကြောင်းပါ ယာဉ်တန်းအားလုံး ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly