ချင်းပြည်နယ်၌ COVID -19 ရောဂါ ဖြစ်ပွားမှု များလာ

ဖေဖော်ဝါရီ ၃

ချင်းပြည်နယ်၌ COVID -19 ရောဂါ ဖြစ်ပွားသူ များလာကြောင်း ကျန်းမာရေး ဝန်ထမ်း အသိုက်အဝန်းနှင့် နီးစပ်သည့် ဒေသခံများထံက သိရသည်။

လတ်တလောတွင် ဟားခါးမြို့နယ်တွင်းရှိ ဆူရ်ခွားမြို့နှင့် အဆိုပါရွာ အနီးရှိ ဘွန်လုံးကျေးရွာနှင့် ဟာအိုဆင် ကျေးရွာများ၌ ရွာလုံးကျွတ်နီးပါး COVID -19 ရောဂါ ဖြစ်ပွားမှု တွေ့ရှိနေသည်ဟု စုံစမ်း သိရှိရသည်။

“ ဆူရ်ခွားမှာ COVID -19 ရောဂါ တွေ့တာ တော်တော်လေး များနေတယ်။ လူ ၃၀၀ ကျော်လောက် ရှိနေတယ်။ အဲဒီရွာမှာ အရင်က တိုက်နယ်ဆေးရုံ ရှိတယ်။ ဒါပေမဲ့ အခု ကျန်းမာရေးဝန်ထမ်းတွေ မရှိကြတော့ဘူး။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း ဒီမှာရှိတဲ့ တပ်စခန်း တစ်ခုကို ဒေသခံ ကာကွယ်ရေး တပ်တွေက ဝင်စီးပြီးတော့ မီးရှို့ကြသေးတယ်' 'ဟု ဆူခွား မြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဟားခါးမြို့နယ် လူထု ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီက ဘွန်လုံးကျေးရွာ၊ ဆူရ်ခွါးမြို့နှင့် ဟာအိုဆင်ကျေးရွာများသို့ ကွင်းဆင်း၍ COVID -19 ရောဂါ RDT Test Kit ဖြင့် ရှာဖွေစစ်ဆေးမှု၊ ပိုးတွေ့ရှိမှု အခြေအနေနှင့် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

ချင်းပြည်နယ်၌ COVID ကာကွယ်ဆေးကို သက်ဆိုင်ရာ မြို့နယ်အလိုက် ထိုးနှံပေးသော်လည်း ကျန်းမာရေး ဝန်ထမ်းအများစု CDM ပြုလုပ်ထားသောကြောင့် ဝန်ထမ်း လုံလောက်မှု မရှိခြင်း၊ ကျွမ်းကျင်ဝန်ထမ်း မရှိခြင်းတို့ ကြုံနေရပြီး ခက်ခဲမှုများ ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် COVID ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဇန်နဝါရီ ၁ ရက်နေ့အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၁,၁၉၆,၄၃၃ ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း အာဏာသိမ်း စစ်တပ် လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required