၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁အပြီးတွင် အမှတ်ပေးဇယားကို ဇွဲကပင်ဦးဆောင်

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁အပြီးတွင် အမှတ်ပေးဇယားကို ဇွဲကပင်ဦးဆောင်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားနေစဉ်။ (ဓာတ်ပုံ - ရွှေဘုတ်)

ဇန်နဝါရီ ၁၁၊ ရန်ကုန် ။           ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် - ၁ ပွဲစဉ်များကို ဇန်နဝါရီ ၉နှင့် ၁၀ ရက်များက ယှဉ်ပြိုင်ကစားခဲ့ပြီးကာ ဇွဲကပင်ယူနိုက်တက်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေသည်။

ပွဲစဉ် - ၁ တွင် လက်ရှိချန်ပီယံရန်ကုန်အသင်းက အိမ်ကွင်းတွင်မကွေးအသင်းကို ၂ - ၁ ဂိုးဖြင့်ရှုံးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ရာသီအစဖွင့်ပွဲ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။

၂၀၁၅ဘောလုံးရာသီက အမှတ်ပေးဇယားအဆင့် ၂ နှင့်ရာသီသိမ်းခဲ့သော ရတနာပုံအသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ ဧရာဝတီတို့ပွဲတွင် ဧရာဝတီအသင်းက ဦးဆောင်ဂိုးသွင်းယူနိုင် ခဲ့သော်လည်း ပွဲချိန် မိနစ် ၇၄နှင့် ၇၈မိနစ်တို့တွင် ချေပဂိုးနှင့်အနိုင်ဂိုးများပြန်လည်ခွင့်ပြုခဲ့ရသဖြင့် အဝေးကွင်းပွဲစဉ်၌ အမှတ်ဗလာနှင့်အိမ်ပြန်ခဲ့ရသည်။

ယခုနှစ်ဘောလုံးရာသီတွင် စံချိန်တင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးအသင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းမှာ အိမ်ကွင်းပရိသတ်တစ်သောင်းနှစ်ထောင်ကျော်ရှေ့တွင် ဟံသာဝတီယူနိုက်တက် အသင်းကို အကြိတ်အနယ်ကစားခဲ့ရပြီး ဂိုးမရှိသရေကျခဲ့သဖြင့် တစ်မှတ်သာရခဲ့သည်။

ပြီးခဲ့သည့် ရာသီက တန်းမဆင်းရရန်ရုန်းကန်ခဲ့ရသည့် ဇွဲကပင်အသင်းအသင်းမှာမူ အဖွင့်လှခဲ့ပြီး ချင်းယူနိုက်တက်အသင်းကို သုံးဂိုးပြတ်အနိုင်ရကာ အမှတ်ပေးဇယားကိုဦးဆောင်နိုင် ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်တန်းတက်နှစ်သင်းဖြစ်သော ဆောက်သမ်းနှင့် ဟော်ရဇွန်အသင်းတို့မှာမူ ရှုံးပွဲအသီးသီး ကြုံခဲ့ပြီး ဆောက်သမ်းက ရခိုင်ကို ၂ - ၁၊ ဟော်ရဇွန်က ဇေယျာရွှေမြေကို ၂- ၁ ဂိုးများဖြင့်ရှုံးခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁ ပွဲရလဒ်များ
………………………………………………
ဟော်ရဇွန် ၁ - ၂ ဇေယျာရွှေမြေ
ဆောက်သမ်း ၁ - ၂ ရခိုင်
ရတနာပုံ ၂ - ၁ ဧရာဝတီ
ဇွဲကပင် ၃ - ၀ ချင်း
ရှမ်းယူနိုက်တက် ၀ - ၀ ဟံသာဝတီ
ရန်ကုန် ၁ - ၂ မကွေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required