မြေငလျင် တိုင်းတာရေးစက်သစ်များ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ ငါးမြို့တွင် တပ်ဆင်မည်

မြေငလျင် တိုင်းတာရေးစက်သစ်များ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ ငါးမြို့တွင် တပ်ဆင်မည်

မန္တလေး ၊ ဇန်နဝါရီ ၉ ။         ။ မန္တလေးမြို့တွင် မြေငလျင်တိုင်းတာရေးစက်အသစ်ကို အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်အရှေ့ဘက်ရှိ မြေငလျင်တိုင်းတာရေးစခန်းတွင် ဇန်နဝါရီ ၁၄ ရက်၌ စတင်တပ်ဆင်သွားမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ (အထက်မြန်မာပြည်ရုံးခွဲ)၊ မြေငလျင်ဌာနစိတ်မှ ဒုတိယဦးစီးမှူး ဦးအောင်ဟိန်းထက်က ပြောသည်။

အဆိုပါ မြေငလျင်တိုင်းတာရေးစက်အသစ်များကို အမေရိကန်နိုင်ငံရှိ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(USAID) မှ ကူညီပေးခြင်းဖြစ်ပြီး တပ်ဆင်ရန်အတွက်လည်း အမေရိကန်နိုင်ငံ ဘူမိဗေဒလေ့လာရေးဌာန(USGS)နှင့် KINEMETRICS INC တို့ နည်းပညာရှင် ၆ ဦးက ကူညီပေးမည်ဖြစ်သည်။

"သုံးရက်နဲ့အပြီး တပ်ဆင်သွားမယ်။ လက်ရှိအသုံးပြုနေတဲ့ စက်တွေထက် သာပါတယ်။ အခုစက်တွေက မြေငလျင်လှုပ်ခတ်လာတာနဲ့ ပြည်သူလူထုကို အချိန်နဲ့တပြေးညီထုတ်ပြန်ပေးနိုင်မှာပါ။ သတင်း အချက်အလက်တွေ ပိုမိုတိကျမှန်ကန်လာမှာပါ။ နောက်ပိုင်းမှာလည်း နည်းပညာတွေပေါ်မူတည်ပြီး မိုးဘိုင်းလ်ဖုန်းတွေကနေတဆင့် ပြည်သူကို တိုက်ရိုက် အသိပေးနိုင်အောင်လည်း ဆောင်ရွက် သွားပါမယ်။"ဟု ဦးအောင်ဟိန်းထက် ကပြောသည်။

အဆိုပါ မြေငလျင်တိုင်တာရေးစက်အသစ် အသုံးပြုပုံများကိုလည်း နေပြည်တော်ရှိ အမျိုးသားမြေငလျင် သတင်းအချက်အလက် ဗဟိုဌာနတွင် သင်တန်းများပို့ချပေးသွားမည်ဖြစ်သည်။

မြေငလျင်တိုင်းတာရေးစက်အသစ်များကို ရန်ကုန်မြို့တွင်လည်း ဇန်နဝါရီလ ၁၀ ရက်၌ တပ်ဆင်မည်ဖြစ်ကာ မန္တလေးမြို့တွင် ၁၄ ရက်၊ တမူးမြို့တွင် ၁၇ ရက်၊ ဟားခါးမြို့တွင် ၂၁ ရက်နှင့် ကျိုင်းတုံမြို့၌ ၂၅ ရက်တို့၌ တပ်ဆင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly