မီးလောင်ရာတွင် ပြည်သူ၏ကူညီမှုသည် တပ်ဖွဲ့ဝင်များအတွက် အနှောင့်ယှက်ဖြစ်

မီးလောင်ရာတွင် ပြည်သူ၏ကူညီမှုသည် တပ်ဖွဲ့ဝင်များအတွက် အနှောင့်ယှက်ဖြစ်
ဓာတ်ပုံ - စည်သူမောင်မောင်

ပုသိမ်၊ဇန်နဝါရီ ၇ ။            ။ မီးလောင်မှုများဖြစ်ပွားရာတွင် မီးအမြန်ငြိမ်းချင်သည့် စိတ်များဖြင့် ပြည်သူလူထုမှ ဝင်ရောက်ကူညီရာတွင် အကူအညီမဖြစ်ဘဲ မီးသတ်တပ်ဖွဲ့ဝင်များအတွက် အနှောင့်အယှက်ဖြစ်သွားကြောင်း ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဌာနမှ တိုင်းဦးစီးမှူး ရဲဗလမျိုးဝင်း ကပြောသည်။

မီးလောင်ပြင်တွင် မီးသတ်ကားရောက်ရှိလာပါက ပြည်သူတို့က ပိုက်များဝင်ဆွဲကာ ကူညီမှုများရှိပြီး အနီးနားရှိ ရေရှိရာနေရာများသို့သွားရာတွင်လည်း ဘေးနားကအုံခဲပြီး လိုက်ပြနေမှုထက် မီးသတ်ယာဉ်များသွားလာမှု ချောမွေ့စေရန် လမ်းရှင်းပေးပြီး ကူညီစေလိုကြောင်း ၎င်းကဆိုသည်။

"မီးလောင်ပြင်ကို ရောက်ရှိသွားလို့ မီးငြိမ်းသတ်တဲ့ အခါမှာလည်း လိုအပ်တဲ့ဟာလေးတွေ ကူညီပေးဖို့ တချို့ဆိုရင် လိုအပ်တာထက် ဆန္ဒတွေစောပြီး ကူညီလိုက်တဲ့အခါမှာ မီးသတ်တပ်ဖွဲ့ဝင်တွေကို အနှောင့်အယှက်ဖြစ်သွားတာမျိုးလေးတွေရှိတာပေါ့။

ဥပမာ-ပိုက်လေးတွေဆွဲတာတို့ ကျွန်တော်တို့က လေ့ကျင့်ထားတာ အားလုံးရှိပြီးသားပါ ပိုက်ကို ဘယ်လိုဖြန့်ရမလဲ ဖြန့်ပြီးတော့မှ ပိုက်ခေါင်းနဲ့မီးကို ဘယ်လိုငြိမ်းသတ်ရမလဲ တချို့ကတော့လဲ ဆန္ဒစောပြီး ဝင်ရောက်ကူညီရာမှာ အနှောင့်အယှက်ဖြစ်သွားတာ တွေရှိပါတယ် ဒါသူတို့ကိုလဲ အပြစ်မပြောပါဘူး သူတို့က မြန်မြန်ငြိမ်းစေချင်တာကို ကျွန်တော်တို့လည်း မြန်မြန်ငြိမ်းစေချင်ပါတယ် သူတို့ကူညီမှုဟာ ကျွန်တော်တို့အတွက် အနှောက်အယှက် ဖြစ်သွားနိုင်ပြီး အသက်အန္တရာယ်ကို ပါထိခိုက်နိုင်ပါတယ်" တိုင်းဦးစီးမှူး ရဲဗလ မျိုးဝင်းက ပြောပါသည်။

ယင်းအပြင် မီးလောင်သည့်နေရာကို သွားရောက်ကြည့်ရှုချင်သူများက မီးသတ်ကားနှင့် အပြိုင်မောင်းကြသည့် အတွက် မီးသတ်ကားမောင်းသူများမှာ ရှောင်မောင်းသည့်အခါတွင် အန္တရာယ်များဖြစ်နိုင်သည့် အတွက် မီးသတ်ကားကို ဦးစားပေးရန်လိုကြောင်း ၎င်းကရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၅ခုနှစ် မီးလောင်မှု ၁၂၄ ကြိမ်ဖြစ်ပွားပြီး၊အိမ်ခြေ ၁၈၄လုံး၊စက်ရုံ အလုပ်ရုံ ၅ရုံ၊ဂိုဒေါင် ၅ လုံး၊ဒဏ်ရာရ ၃ဦး၊သေဆုံးသူ ၄ဦးနှင့်ဒုက္ခသည် ၆၁၉ဦးရှိကာ တန်ဖိုး ၆၆၅၆၅၅၀၀ကျပ် ဆုံးရှုံးခဲ့ရကြောင်း တိုင်းမီးသတ်ဦးစီး ထုတ်ပြန်ချက်အရသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly