မန္တလေးတွင်  မုန့်တီဆိုင်၌ မီးစက်ထဲ ဓာတ်ဆီလောင်းထည့်ရာမှ  မီးလောင််မှုဖြစ်ပွား 

By 007 (မဇ္စျိမ)
12 July 2023
မန္တလေးတွင်  မုန့်တီဆိုင်၌ မီးစက်ထဲ ဓာတ်ဆီလောင်းထည့်ရာမှ  မီးလောင််မှုဖြစ်ပွား 
Photo CJ

မန္တလေး ၊ ချမ်းအေးသာစံမြို့နယ် ၊ ပတ်ကုန်း၀န်းကျင်ရပ်ကွက် ၂၉ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ၊ ဒေါ်လုံးမုန့်တီဆိုင်တွင် ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၆ နာရီ ၅ မိနစ်ခန့်က မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး၊ Level 1 အဆင့်ဖြင့်မီးငြှိမ်းသတ်ခဲ့ပြီးနောက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင်မီးငြိမ်းသွားခဲ့ ကြောင်းသိရသည်။

မီးသွေးမီးဖိုဖြင့် ဟင်းရည်အိုးတည်ထားစဥ် မီးဖိုဘေးရှိ မီးစက်ထဲသို့ ဓာတ်ဆီလောင်းထည့်ရာမှ မီးဟပ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ 

"ဆိုင်အတွင်းခန်း နောက်ဖေးခန်းမီးဖိုချောင်မှာ၊ ဟင်းရည်အိုးတည်ထားရင်း၊ မီးစက်ထဲဆီ(ဓာတ်ဆီ)ထည့်ချိန်မှာ၊ မီးညွန့်ဟပ်ပြီးစလောင်တာလို့ စစ်ဆေးတွေ့ရတယ်" ဟု မီးသတ်၀န်ထမ်းတစ်ဦးကပြောသည်။

မုန်တီဆိုင်ကို အိမ်နှင့်ဆိုင် တွဲလျက်ဖွင့်ထားခြင်းဖြစ်ပြီး နေအိမ်အနောက်ဘက် အဆာက်အအုံရှိ အောက်ထပ်အနောက်ခန်း( မီးဖိုခန်း) တွင် မီးလောင်မှုစတင်ဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုကြောင့်၊ ၁၄ ပေ ပေ ၃၀ ရှိ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံး(တန်ဖိုး ကျပ်၁၂ သိန်း )နှင့် နေအိမ်အတွင်းရှိပစ္စည်းများ(တန်ဖိုး ရှစ်သိန်းကျပ်)၊ နောက်ဖေးကပ်လျက်ရှိနေအိမ်ပထမထပ်နှင့် ဒုတိယထပ်တို့ မီးကူးစက်ခံရမှုကြောင့်၊ အဲယားကွန်းတစ်လုံးနှင့်အတွင်းပစ္စည်းများ(တန်ဖိုး ငါးသိန်းကျပ်)၊ စုစုပေါင်း တန်ဖိုး ၂၅ သိန်းဝန်းကျင် မီးလောင်ဆုံးရှုံးခဲဲ့ကြောင်း မီးသတ်ဦးစီးထံကသိရသည်။

မန္တလေးမြို့တွင် ယနေ့ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်ကလည်း၊ အမရပူရမြို့နယ် ညောင်ပင်စောက်ကျေးရွာအနီး တောင်အင်းမြောက်အင်းအမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

အဆိုပါမီးလောင်မှုကို၊ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် ၁၅ စီး၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲဲ့အင်အား ၂၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးသတ်ဦးစီးဌာနက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required