မြောက်ဥက္ကလာပမြို့နယ်တွင် ကော်ဇောစက်ရုံ မီးလောင်မှုဖြစ်ပွား

By မောင်ခက်နွေ (မဇ္ဈိမ) 
19 May 2023
မြောက်ဥက္ကလာပမြို့နယ်တွင် ကော်ဇောစက်ရုံ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရတနာလမ်း၊ (င)ရပ်ကွက် စက်မှုဇုန် ၊ ကျောက်ရေတွင်းတံတားအနီးရှိ ကော်ဇောစက်ရုံတွင် ယနေ့ မေလ ၁၉ရက် နံနက် ၉နာရီ ၁၆မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ Level  2 အနေအထားပဲ သွားတာပါခင်ဗျ။ အထိအခိုက်တော့ မရှိပါဘူး။ စ လောင်တာတော့ ဘယ်ကစ လောင်လဲ မသိသေးဘူး။ ကျွန်တော်တို့အသင်းက မြောက်ဥက္ကလာပ အဝိုင်းမှာ မီးခိုးတွေ အူနေလို့ သွားတာ။ လူထိခိုက်တာတွေ မရှိဘူး “ ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်နေသည့် We Love North Okkalapaမှ တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။ 

အဆိုပါမီးလောင်မှုအား We Love North Okkalapa  အသင်းမှ လူနာတင်ယာဉ်တစ်စီး နှင့် အသင်းသား သုံးဦးတို့က ကူညီဆောင်ရွက်ပေးခဲ့သည်ဟု We Love North Okkalapa၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

“သူက နှစ်ထပ် အဆောက်အဦ၊ လူအထိအခိုက်တော့ မရှိဘူး၊ ဒီလောက်ပဲ ကျွန်တော်တို့ပြောလို့ရတယ်” ဟု ကရုဏာကမ်းလက် လူမှုကူညီ ကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူက ပြောသည်။ 

ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် မီးစတင်လောင်ကျွမ်းခဲ့ရသည့် အကြောင်းအရင်းအား လက်ရှိအချိန်ထိ မသိရသေး‌ပေ။ 

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးလောင်မှုကို အဆင့်(၂)အဖြစ် ငြှိမ်းသတ်ခဲ့ရာ နံနက် ၉နာရီ ၄၄မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required