တမူးမြို့ပေါ်တွင် လူတစ်ဦးကို သေနတ်နှင့် ပစ်ခတ်သည့်အဖွဲ့အား စုံစမ်းနေ

တမူးမြို့ပေါ်တွင် လူတစ်ဦးကို သေနတ်နှင့် ပစ်ခတ်သည့်အဖွဲ့အား စုံစမ်းနေ
photo - DVB

ဇန်နဝါရီ ၆ ။                  ။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ပေါ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က လူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ပစ်ခတ်သွားသည့် အဖွဲ့အစည်းအား စုံစမ်းနေသည်ဟု တမူးမြို့မ ရဲစခန်းမှ သိရသည်။

အမှုလာဖွင့်သည့် သေဆုံးသူ၏ ဇနီးက သေနတ်နှင့်ပစ်ခံရသူအမည်မှာ  ကိုမောင်မောင်ဖြစ်သည်ဟု ဆိုသော်လည်း မှတ်ပုံတင်စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မည်ဟု တမူးရဲစခန်းက ဆိုသည်။

တမူးရဲစခန်းမှ ရဲအုပ်အောင်ကျော်က ''ရွှေမြို့တော်ဆီဆိုင်နား လမ်းမကြီးပေါ်မှာ ပစ်ခတ်မှုဖြစ်တယ်၊ နေရာမှာသေဆုံးနေတာတွေ့ရတယ်၊ ကျွန်တော်တို့လဲ အခုမှ အမှုတိုင်ချက်ရေးနေတုန်းပါ။ ဘယ်အဖွဲ့ က ပစ်ခတ်သွားလဲဆိုတာစုံစမ်းနေတယ်။ သေဆုံးသူရဲ့မှတ်ပုံတင်သွားယူခိုင်းထားတယ် ' ဟုမဇ္ဈိမသို့ ပြောကြားသည်။

ယခုဖြစ်စဉ်အား တမူးမြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၀၂)၊ (ပ) ၂/၂၀၁၆ ဖြစ်အမှုဖွင့် အရေးယူဆောင်ရွက်နေသည်။

သေဆုံးသူမှာ ကသည်းလူမျိုးဖြစ်ပြီး ၎င်း၏အလောင်းအား စစ်တပ်မှလာရောက်သိမ်းယူသွားသည်ဟု ဒီဗီဘီသတင်းဌာနက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required