ဦးသိန်းစိန်ကို ဘယ်သူတွေ လက်ဆောင်ပေးသလဲ

ဦးသိန်းစိန်ကို ဘယ်သူတွေ လက်ဆောင်ပေးသလဲ

နေပြည်တော်၊ ဇန်နဝါရီ ၃ ။ ။ သမ္မတဦးသိန်းစိန်၏ နိုင်ငံတစ်ကာမှ ရရှိထားသော လက်ဆောင်ပစ္စည်းပြခန်း ထားရှိရာ အမျိုးသားပြတိုက်သည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရှစ်လမ်းသွားကတ္တရာလမ်းမကြီးဖြစ်သော ရာဇသင်္ဂဟလမ်းဘေးနှင့် ကုမုဒြာကြာပန်းအဝိုင်းအနီးရှိ မြေဧကအကျယ် ၃၅ဒဿမ၁၉ဧကပေါ်တွင် တည်ရှိပြီး ပြတိုက်၏ ဝင်ပေါက်နှင့် ထွက်ပေါက်တို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးစီက လုံခြုံရေးယူထားကြသည်။

ပြတိုက်အဆောက်အဦးထဲသို့ ဝင်ဝင်င်ချင်း အပြာရောင်ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦး ညွှန်ပြလိုက်သည့် ညာဘက်လမ်းသွယ်သို့ ချိုးဝင်လိုက်သည့်အခါ ကျွန်းတံခါးများဖြင့် ပြုလုပ်ထားသည့် ပြခန်းအတွင်းသို့ ကျွန်တော် ဝင်ရောက်နိုင်ရန် ပြခန်းတာဝန်ခံအမျိုးသမီးက တံခါးဖွင့်ပေးကာ အပြုံးဖြင့် ဆီးကြိုသည်။

“လက်ဆောင်ပစ္စည်းတွေကို သူ့အိမ်မှာထားလည်း ဖုန်တက်တာပဲရှိမယ်။ ဘယ်သူမှ မြင်ရမှာ မဟုတ်ဘူးလေ။ အခုလို ပြခန်းနဲ့ထားလိုက်တော့ နောင်လာနောက်သားတွေလည်း တွေ့ရမယ်ဆိုတဲ့ သမ္မတကြီးရဲ့ အိုက်ဒီယာ(အတွေးအခေါ်)ပေါ့” ဟု ပြခန်းထားရှိသည့် ဦးသိန်းစိန်၏ စိတ်ကူးကို ပြခန်း၏ အလှည့်ကျတာဝန်ခံ အမျိုးသမီးက ပြောပြသည်။

ပေ ၅၀x ပေ ၃၀ခန့် ကျယ်ဝန်းသော ပြခန်းထဲသို့ ဝင်လိုက်သည်နှင့် ပြခန်း၏ နံရံတွင် အမေရိကန်သမ္မတ အိုဘားမားအပါအဝင် အာဆီယံခေါင်းဆောင်ကြီးများနှင့် သမ္မတဦးသိန်းစိန်တို့ ၂၀၁၄ခုနှစ်က နေပြည်တော်တွင် ပြုလုပ်သည့် ၂၅ကြိမ်မြောက်၊ အာဆီယံ ထိပ်သီးညီလာခံတွင် ယှဉ်တွဲရိုက်ကူးထားသောပုံ ဖြစ်သည်။

ပြခန်းအတွင်း နိုင်ငံပေါင်း အနည်းဆုံး ၁၀နိုင်ငံမှ သမ္မတဦးသိန်းစိန်ထံပေးထားသည့် လက်ဆောင်ပစ္စည်းပေါင်း ၆၃မျိုးအနက် တရုတ်နိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင်အဖြစ်ပေးသည့် လက်ဆောင်များ အများဆုံးရှိနေသည်ကို ကျွန်တော် သတိထားမိလိုက်သည်။

မှန်ဘောင်တစ်ခုချင်းစီဖြင့် သော့ခတ်ချိတ်ပိတ်ကာ ပြသထားသော လက်ဆောင်ပစ္စည်းများအနက် အထူးခြားဆုံးမှာ ကမ္ဘာလုံးပုံစံ အချင်း ၁၂လက်မခန့် အလုံးကို နဂါးများ ပတ်နေသည့် တရုတ်နိုင်ငံမှ မြန်မာသမ္မတသို့ ပေးအပ်ထားသော လက်ဆောင်ကို ခမ်းနားစွာတွေ့ရသည်။ 

“အဲ့ဒါ ကမ္ဘာလုံးကို နဂါးကိုးကောင်က ပတ်နေတာပါ။ ရွှေအစစ်နဲ့ လုပ်ထားတာတော့ မဟုတ်ပါဘူး” ဟု ပြတိုက်တာဝန်ခံ အမျိုးသမီးက ရှင်းပြသည်။

လက်ဆောင်ပစ္စည်းများတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားစသည့်နိုင်ငံများမှ လက်ဆောင်များကိုသာ တွေ့ရပြီး အမေရိကန်၊ ရုရှားနှင့် ဗြိတိန်နိုင်ငံများမှ လက်ဆောင်ပစ္စည်းများကိုမူ မတွေ့ရပေ။ သမ္မတဦးသိန်းစိန်သည် သူ့သက်တမ်းအတွင်း အမေရိကန်သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းတို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သော်လည်း ပြခန်းအတွင်းရှိ လက်ဆောင်ပစ္စည်းများတွင် အဆိုပါ ပုဂ္ဂိုလ်များပေးအပ်သည့် လက်ဆောင်ပစ္စည်းများ မတွေ့ခဲ့ရပေ။

ပြခန်းအတွင်း ထပ်မံတွေ့ရသည့် ပစ္စည်းများအနက်၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်တွင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့နှင့် NCAစာချုပ်တွင် လက်မှတ်ရေးထိုးစဉ်က သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လက်မှတ်ရေးထိုးခဲ့သော ဘောလ်ပင်များကို မှန်ဘောင်အတွင်း ထည့်သွင်း ပြသထားသေးသည်။ 

အဆိုပါ ဘောလ်ပင်နှစ်ချောင်းအနက် လုံးပတ်ပိုသေးသော ဘောလ်ပင်မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးခဲ့သော ဘောလ်ပင်ဖြစ်ပြီး လုံးပတ်ပိုကြီးသော ဘောလ်ပင်မှာမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် NCAစာချုပ်တွင် လက်မှတ်ရေးထိုးသည့် ဘောလ်ပင်ဖြစ်ကြောင်း သိရသည်။

ပြခန်းအတွင်း လှည့်ပတ်ကြည့်နေစဉ် ကျွန်တော့အတွေးထဲ ဝင်လာသည်က လမ်းပြမြေပုံ ရေးဆွဲခဲ့သူ ဦးခင်ညွန့် အမွေကောင်းပေးခဲ့သူဟု အဆိုရှိသူ ဦးသန်းရွှေတို့မှ  ဦးသိန်းစိန်ကို မည်သည့် လက်ဆောင်များ ပေးမည်လဲဟူသည့် အတွေးပင်ဖြစ်သည်။

ပေ ၅၀x ပေ ၃၀ခန့်အကျယ်ရှိသော အလင်းရောင်ကောင်းစွာရသည့် အဖြူရောင်မီးလုံး အလုံး၅၀ခန့် ထွန်းထားသော ပြခန်းအတွင်းတွင် အဆိုပါ ပုဂ္ဂိုလ်များပေးထားသော မည်သည့် လက်ဆောင်ပစ္စည်းကိုမျှ မတွေ့ရပေ။

ပြခန်းတာဝန်ခံ၏ ပြောဆိုချက်အရ သမ္မတဦးသိန်းစိန်၏ လက်ဆောင်ပစ္စည်းများပြခန်းသည် ပုံသေမဟုတ်ဘဲ မြန်မာနိုင်ငံသမ္မတအဆက်ဆက်၏ အသုံးအဆောင်ပစ္စည်းများနှင့် သမ္မတဦးသိန်းစိန်ရရှိထားသည့် လက်ဆောင်ပစ္စည်းများကို အခြားအခန်းတစ်ခုတွင် ယှဉ်တွဲထားရန် ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေသည်ဟု သိရသည်။

သမ္မတအဆက်ဆက်သုံးစွဲခဲ့သည့် အသုံးအဆောင်ပစ္စည်းများကို ဝန်ကြီးဌာနက လိုက်လံစုဆောင်းလျက်ရှိပြီး ပစ္စည်းတစ်ချို့လည်း ရရှိထားပြီဟု ပြခန်းတာဝန်ခံက ဆိုသည်။

သူ့သက်တမ်းအတွင်း နိုင်ငံတကာမှ လက်ဆောင်ရရှိထားသည့် ပစ္စည်းများကို ပြခန်းဖြင့် ပြသထားသော ဦးသိန်းစိန်သည် လာမည့် မတ်လ ၃၀ရက်တွင် သမ္မတရာထူးကို အဆုံးသတ်တော့မည်ဖြစ်သည်။ 

“ဒီကြားထဲ ထပ်ရတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ဒီမှာပဲ လာထားပေးမယ်လို့ သမ္မတကြီးက ပြောထားတယ်” ဟု ပြခန်းတာဝန်ခံက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

အမျိုးသားပြတိုက်(နေပြည်တော်)ရှိ သမ္မတ၏ လက်ဆောင်ပစ္စည်းများပြခန်းမှအပြန် ကျွန်တော့အတွေးထဲ ဝင်လာသည့်အကြောင်းအရာမှာ နိုင်ငံတစ်ကာမှ ရရှိထားသည့် လက်ဆောင်ပစ္စည်းများကို ပြခန်းဖြင့် ပြသထားသော သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတစ်ကာကိုလည်း မည်သည့် လက်ဆောင်များ ပြန်ပေးခဲ့ရသလဲဟူသည့် အတွေးပင် ဖြစ်သည်။

(ပြခန်းအတွင်းရှိ လက်ဆောင်ပစ္စည်းများကို https://www.facebook.com/media/set/… တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required