NLD အစိုးရ အဆိုးဆက်မြင်နေပါက ပြဿနာ ရှာသူများ အဖြစ် နိဂုံးချုပ်မည်ဟု ကြံ့ခိုင်ရေး အာဘော်ရေး

NLD အစိုးရ အဆိုးဆက်မြင်နေပါက ပြဿနာ ရှာသူများ အဖြစ် နိဂုံးချုပ်မည်ဟု ကြံ့ခိုင်ရေး အာဘော်ရေး

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့ပြီး သမ္မတနှစ်ဦးနှင့် အစိုးရတစ်ရပ် ဖွဲ့နိုင်ပြီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မည့် အစိုးရသည် အဆိုးဆက်မြင်နေပါက ပြဿနာ ရှာသူများအဖြစ် နိဂုံးချုပ်သွားလိမ့်မည်ဟု ရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက်ဖြစ်ခဲ့သော ကြံ့ခိုင်ရေးပါတီမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာက အယ်တီတာ့အာဘော်မှ တစ်ဆင့် ဒီဇင်ဘာ ၃၁ ရက်က ဝေဖန်လိုက်သည်။

“ယခင် ခေတ်ဟောင်းတွင် အကောင်းမမြင်ခဲ့သည်ကို အငြင်းမပွားလိုသော်လည်း ယနေ့ ခေတ်သစ်ကို အဆိုးဆက်မြင်နေလျှင် အပြောင်းအလဲ ဆောင်ကြဉ်းနိုင်သူအဖြစ်မှ ပြဿနာမရှိ ပြဿနာရှာသူများ အဖြစ်သာ သမိုင်းနိဂုံးချုပ်သွံားနိုင်မည်ဖြစ်သည်ဟု ဝေဖန်လိုသည်။” ဟု ပြည်ထောင်စု နေ့စဉ်က ရေးသားသည်။

“အစိုးရတစ်ရပ်အနေဖြင့် အမုန်းတရားများကို ခွင့်ပြုနားထောင်ခြင်းဖြင့် မိတ်ဆွေဖွဲ့ရန် အထူးလိုအပ်ပေသည်။” ဟု သတိပေးဝေဖန်ထားသည်။

“အစိုးရဟောင်းမှသည် အစိုးရသစ်ဆီသို့ ဘယ်မူဟန်ဖြင့် သစ်မည်နည်း” ဟု ခေါင်းစဉ်တပ်ထားသည့် အယ်ဒီတာ့အာဘော်တွင် “ယနေ့အချိန်သည် မိမိတို့အား နိုင်ငံတော်က ဘာလုပ်ပေးမှာလဲဟု မေးနေရမည့်အချိန်မဟုတ်ပေ။ အသစ်တစ်ခုအဖြစ် တည်ဆောက်မည်ဆိုလျှင် မိမိတို့ အလုပ်အကျွေးပြုနိုင်သမျှ အလုပ်အကျွေးပြုရန်သာဖြစ်သည်။” ဟုလည်း ရေးသားသည်။

“သူတစ်လူ ငါတစ်မင်း၊ တစ်ရွာ တစ်ဗိုလ်၊ တစ်တော တစ်ကြက်ဖ၊ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဇာတ်လမ်းများကို အတိတ်တွင် ထားခဲ့ကြရန် အထူးလိုအပ်လျက်ရှိသည်။” ဟု ရေးသားထားသည်။

ဒီဇင်ဘာ ၃၁ ရက် ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ပါတီ၏ ဒုတိယဥက္ကဋ္ဌ(ဥက္ကဋ္ဌ ပူးတွဲ) တာဝန်ယူထားသူ ဦးဋ္ဌေးဦးပါတီဝင်များနှင့် တွေ့ဆုံသည့် သတင်းကို မျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

ပါတီဝင်များသို့ ဦးဋ္ဌေးဦးက အမှာစကားပြောရာတွင် ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် တိုက်တွန်းခဲ့ပြီး ပါတီရှင်သန်ရေး ဆက်လက်ကြိုးစားကြရန် ညွှန်ကြားခဲ့သည်ဟု ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဆက်လက် ဖေါ်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required