ကမ္ဘာတစ်လွှား ဆေးလိပ်သောက်သူဦးရေ ကျဆင်းဟု WHO ပြော 

ကမ္ဘာတစ်လွှား ဆေးလိပ်သောက်သူဦးရေ ကျဆင်းဟု WHO ပြော 

နိုဝင်ဘာ ၁၇

ကမ္ဘာတစ်လွှား ဆေးလိပ်သောက်သူနှုန်းထားဟာ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ တည်ငြိမ်စွာ ကျဆင်းလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အင်္ဂါနေ့မှာ ပြောပြီး နိုင်ငံတွေအနေနဲ့ အသက်ဘေးများတဲ့ ဆေးရွက်ကြီး စွဲတာကို တိုက်ထုတ်ရန် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။ 

၂၀၂၀ ခုနှစ်တုန်းက ကမ္ဘာတစ်လွှား ဆေးလိပ်သောက်သူနှုန်းထားဟာ တမြန်နှစ်က ၁ ဒသမ ၃၂ ဘီလီယံ ရှိရာကနေ ၁ ဒသမ ၃၀ ဘီလီယံနီးပါးအထိ ကျဆင်းကြောင်း WHO ရဲ့ အစီရင်ခံစာသစ်မှာ ဆိုပါတယ်။ 

ဆေးလိပ်သောက်သူနှုန်းထားဟာ ၂၀၂၅ မှာ ၁ ဒသမ ၂၇ ဘီလီယံအထိ ကျဆင်းမယ်လို့လည်း မျှော်လင့်ထားပါတယ်။ ကမ္ဘာ့လူဦးရေ တိုးပွားလာတဲ့ကြားမှာပဲ ခုနစ်နှစ်တာကာလမှာ ဆေးရွက်ကြီး သုံးစွဲသူ သန်း ၅၀ လောက် ကျဆင်းသွားဖို့ မျှော်လင့်ထားပါတယ်။ 

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးရှိ အသက် ၁၅ နှစ်အထက် ဦးရေဟာ ၂၀၀၀ ခုနှစ်ကာလမှာ ဆေးရွက်ကြီး ထုတ်ကုန်တွေကို သုံးစွဲကြပြီး ၂၀၂၅ ဆိုရင်တော့ ငါးပုံတစ်ပုံအထိ ကျဆင်းသွားဖို့ မျှော်လင့်ရကြောင်း အခု အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ 

“နှစ်တိုင်းမှာ ဆေးရွက်ကြီး သုံးစွဲသူဦးရေ နည်းလာတာကို အားရစဖွယ် မြင်တွေ့ရပါတယ်”လို့ WHO အကြီးအကဲ တက်ဒရော့စ် အက်ဟန်နွမ် ဂျီဘရီယေဆက်စ်က ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။ 

ဒါပေမဲ့ ရေရှည် ဆက်လက်သွားနိုင်ဖို့ လိုအပ်နေပြီး ဆေးလိပ်ကုမ္ပဏီတွေဟာ သူတို့ရဲ့ အလွန်ကြီးမားတဲ့ အကျိုးအမြတ်ကို ကာကွယ်ဖို့ ပရိယာယ်လှည့်ကွက်မျိုးစုံ သုံးလျက် ရှိနေတယ်လို့ သူက ပြောခဲ့ပါတယ်။ 

နှစ်စဉ် ဆေးလိပ်သောက်သုံးခြင်းကြောင့် လူသန်းပေါင်း ရှစ်သန်းကျော် သေဆုံးရပြီး အများစုက ဆေးရွက်ကြီး သုံးစွဲမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ သေဆုံးရမှုပဲ ဖြစ်ပါတယ်။ ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ ရှုနေရတဲ့ အဖြစ်နဲ့ သေဆုံးရသူပေါင်း ၁ ဒသမ ၂ သန်း ရှိတယ်လို့ WHO အရ သိရပါတယ်။ 

ဆေးလိပ်သောက်သုံးမှု ကျဆင်းပေမယ့် နှစ်စဉ်သေဆုံးနှုန်းကတော့ တစ်ချို့အချိန်မှာ မြင့်တက်နေဆဲပဲ ဖြစ်တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးဖော်ပြထားပါတယ်။ 

၂၀၁၀ နဲ့ ၂၀၂၅ ကြားမှာ နိုင်ငံပေါင်း ၆၀ က ဆေးရွက်ကြီးသုံးစွဲမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာအတွက်တော့ အစီရင်ခံစာက ချီးကျူးဂုဏ်ပြုထားပါတယ်။ 

ပြီးခဲ့တဲ့ နှစ်နှစ်အကြာက ကမ္ဘာ့ ဆေးရွက်ကြီးသုံးစွဲမှု အလားအလာနဲ့ ပတ်သက်ပြီး WHO ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ဆေးရွက်ကြီး သုံးစွဲမှု ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်မယ့် လမ်းကြောင်းမှာ ရှိနေတဲ့ နိုင်ငံပေါင်းက ၃၂ နိုင်ငံပဲ ရှိတယ်လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required