ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များအတွက် တရုတ်က ကတိကဝတ်ပြုရန် ကုလအကြီးအကဲ တောင်းဆို

ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များအတွက် တရုတ်က ကတိကဝတ်ပြုရန် ကုလအကြီးအကဲ တောင်းဆို

စကော့တလန်၊ ဂလတ်စဂိုမြို့တွင် ယခုသီတင်းပတ်ကုန်၌ စတင်ကျင်းပမည့် ကုလသမဂ္ဂရာသီဥတုညီလာခံ COP26 တွင် နိုင်ငံအဆင့် တိကျခိုင်မာစွာ ပါဝင်လုပ်ဆောင်မည့် ရည်ရွယ်ချက်ပြည့်ဝသော အစီအစဉ်တစ်ရပ်ကို တင်ပြရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က တရုတ်နိုင်ငံကို တောင်းဆိုလိုက်သည်။

နိုင်ငံရပ်ခြားတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ဘဏ္ဍာငွေ ထောက်ပံ့မှုကို မပြုရန် တရုတ်၏ ဆုံးဖြတ်ချက်နှင့် အစိမ်းရောင်နှင့် ကာဗွန်နည်းသော စွမ်းအင်ထုတ်လုပ်မှုအတွက် တိုက်ရိုက်ပံ့ပိုးကူညီမှုအား အန်တိုနီယို ဂူတာရက်စ်က ချီးကျူးခဲ့ပြီး “ပါရီသဘောတူညီချက်အရ အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီသာ ရှိစေမည့် ပန်းတိုင်အား ဆက်လက်ထိန်းသိမ်းထားရန် တတ်နိုင်သမျှ လုပ်ဆောင်ရမည်” ဟု ပြောကြားခဲ့သည်။

၂၀၂၂ခုနှစ် ဧပြီလ ၂၅ ရက်မှ မေလ ၈ ရက်အထိ ကူမင်းတွင် ကျင်းပမည့် COP15 ဇီဝမျိုးစုံမျိုးကွဲညီလာခံ၏ ဥက္ကဌအဖြစ် တရုတ်က လုပ်ဆောင်ခြင်းကိုလည်း ကုလသမဂ္ဂက အပြည့်အဝထောက်ခံကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

“ဂလတ်စဂိုနဲ့ ကူမင်းမှာရော သဘာဝတရားနဲ့ ငြိမ်းချမ်းဖို့နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကမ္ဘာမြေကို ကာကွယ်ဖို့ မိမိတို့ရဲ့ အခန်းကဏ္ဍကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

"ကုလသမဂ္ဂရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားဝင်အခွင့်အရေးများ ပြန်လည် ထူထောင်ရေး" ခေါင်းစဉ်ဖြင့် အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၂၇၅၈၊ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဂူတာရက်စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံ၏ အမြဲတမ်း အဖွဲ့ဝင်အဖြစ် တရုတ်သမ္မတနိုင်ငံ (ROC) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အဖြစ်ပြောင်းလဲခဲ့သည်။

နောက်ပိုင်းဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် “အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်လာသည်” ဟု အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် တရုတ်ပြည်၏ အခန်း ကဏ္ဍကို ကျေးဇူးတင်ရှိကြောင်းနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး နည်းလမ်းအားလုံးတွင် သိသာ ထင်ရှားသော တိုးတက်မှုကို သူက အလေးထားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required