အစ္စရေးရဲ့ အခြေစိုက်အိမ်ရာအရေး ဖြေရှင်းပေးရန် ကမ္ဘာ့နိုင်ငံတွေကို ပါလက်စတိုင်း တိုက်တွန်း 

အစ္စရေးရဲ့ အခြေစိုက်အိမ်ရာအရေး ဖြေရှင်းပေးရန် ကမ္ဘာ့နိုင်ငံတွေကို ပါလက်စတိုင်း တိုက်တွန်း 
Photo - AFP

အောက်တိုဘာ ၂၅

ပါလက်စတိုင်း ပြည်သူတွေအတွက် “ရန်လိုကျူးကျော်မှု” သဘောဆောင်နေတဲ့ အစ္စရေးရဲ့ အခြေစိုက်အိမ်ရာတွေ တည်ဆောက်နေတာနဲ့ ပတ်သက်လို့ ရင်ဆိုင်ဖြေရှင်းပေးဖို့ အဓိက အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမတ် ရှာတေယာဟ်က သီတင်းပတ်တာ ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ ဂျူးအခြေချသူတွေအတွက် လူနေအိမ်ရာတွေ ပိုမိုတည်ဆောက်သွားမယ်ဆိုပြီး အစ္စရေးနိုင်ငံက တနင်္ဂနွေနေ့မှာ ကြေညာခဲ့တာကြောင့် ပါလက်စတိုင်းပြည်သူတွေ၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံတို့က ချက်ချင်း ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ 

၁၉၆၇ ခုနှစ် ခြောက်ရက်တာ စစ်ပွဲကတည်းက အစ္စရေး သိမ်းပိုက်ထားခဲ့တဲ့ အနောက်ဖက်ကမ်းမှာ အိမ်ရာ ၁၃၅၅ လုံး တည်ဆောက်ရေးအတွက် လက်ယာယိမ်း ဝန်ကြီးချုပ် နက်ဖ်တယ်လီ ဘန်နက်ရဲ့ အစိုးရက တင်ဒါခေါ်ထားကြောင်း အိမ်ရာနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

အနောက်ဖက်ကမ်းက အခြေချသူတွေအတွက် လူနေအိမ်ရာ ၂၀၀၀ ကျော်ကို တည်ဆောက်စေလိမ့်မယ်လို့ ဩဂုတ်လအတွင်းမှာ ကာကွယ်ရေး သတင်းရင်းမြစ်တွေက ပြောထားတာအတွက် အခု အိမ်ရာ ၁၃၅၅ ခုဟာ ထပ်တိုးတည်ဆောက်မယ့် အိမ်ရာသစ်တွေလည်း ဖြစ်ပါတယ်။ 

အခု အိမ်ရာတွေအတွက် တည်ဆောက်ရေး နောက်ဆုံး အတည်ပြုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက ဒီ သီတင်းပတ်အတွင်းမှာပဲ ချထားပေးဖို့ မျှော်လင့်ရပါတယ်။ 

ပါလက်စတိုင်း အာဏာပိုင်တွေကတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ ဘယ်လို တုံ့ပြန်မလဲဆိုတာကို သေချာစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်အစိုးရက ပဋိပက္ခ ဖြေရှင်းရေးမှာ အဟန့်အတားဖြစ်တဲ့ အစ္စရေးရဲ့ တစ်ဖက်သတ် အခြေစိုက်အိမ်ရာတွေ တည်ဆောက်တာကို ကန့်ကွက်သွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ 

ပါလက်စတိုင်းက ၎င်းတို့ အနာဂတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုထားတဲ့ အနောက်ဖက်ကမ်းမှာ အခြေစိုက်အိမ်ရာ တည်ဆောက်တာဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ပေမယ့် ဒီ အခြေစိုက်အိမ်ရာတွေမှာ နေထိုင်သူ အစ္စရေးဂျူးလူမျိုး ၄၇၅၀၀၀ နီးပါး ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required