ယခင်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် ရာဇဝတ်အချုပ်သားများ ပြန်လွှတ်ပေး

By သတင်းနှင့် မီဒီယာ ကွန်ရက်
04 October 2021
ယခင်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် ရာဇဝတ်အချုပ်သားများ ပြန်လွှတ်ပေး

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက်က တရားရင်ဆိုင်နေရသည့် အချုပ်သား ၂၀ဝ ဝန်း ကျင်ကို အမှုပိတ်သိမ်း၍ အောက်တိုဘာ ၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း ရှေ့နေ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

“အတိအကျတော့ မဟုတ်ဘူးပေါ့နော်။ တစ်နေကုန်လွှတ်နေတာခန့် မှန်းခြေ ၂၀ဝ လောက်တော့ရှိတယ်” ဟု အင်းစိန်အကျဉ်းထောင်သို့ ရောက်ရှိနေသည့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက အတည်ပြုပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်က COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရန်နှင့် ကာကွယ်ကုသရန်ဟု ဆိုကာ ယခင် NLD အစိုးရလက်ထက်က တရားဆွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းရန် စစ်ကောင်စီက ကြေညာခဲ့သည်။

အမှုရုတ်သိမ်းရာတွင် ဖေဖော်ဝါရီ ၁ ရက် နှင့် အဆိုပါနေ့မတိုင်မှီက ပြစ်မှုတစ်ခုခုကြောင့် တရားစွဲဆိုခံထား ရ သည့် အမှုများကိုသာ ပိတ်သိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းဖမ်းဆီး တရားစွဲဆိုခံထားရသူများ မပါဝင် ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမှုများ ပိတ်သိမ်းခွင့်မရသဖြင့် အမှုဆက်လက်ရင်ဆိုင်ကြရမည့် သူများလည်းကျန်ရှိနေသေးသည် ဟု သိရ သည်။

တရားစွဲအဖွဲ့ (ရဲတပ်ဖွဲ့မှ) ကန့်ကွက်မှုမရှိသည့် ရာဇဝတ်မှုများ၊ နစ်နာသူတရားလိုမှ မကျေနပ်ကြောင်း စက်တင် ဘာ ၃၀ ရက်နေ့ အထိ ကန့်ကွက်လျှောက်ထားမှုမရှိသည့် အမှုများအား ယခုကဲ့သို့ ပိတ်သိမ်းခဲ့ရာ မှ စွပ်စွဲခံရသူ များကို တရားသူကြီးရှေ့တွင် လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုကဲ့သို့ လွှတ်ပေးလိုက်သည့် အချုပ်သား အယောက် ၂၀ဝ ဝန်းကျင် ရှိသည်။

အမှုရုတ်သိမ်းကာ အချုပ်သားများ ပြန်လည်လွှတ်ပေးသည့်ကိစ္စ အပေါ် အင်းစိန်အကျဉ်းထောင်မှ ညွှန်ကြားရေး မှူးဦးမျိုးဦး ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly