ဒေါပုံမြို့နယ် ဗကသဥက္ကဌဟောင်း ကျောင်းသားကို စစ်ကောင်စီက ထောင်ဒဏ် ၂၀ နှစ်ချမှတ်

By ကီရာ (မဇ္ဈိမ)
21 July 2023
ဒေါပုံမြို့နယ် ဗကသဥက္ကဌဟောင်း ကျောင်းသားကို စစ်ကောင်စီက ထောင်ဒဏ် ၂၀ နှစ်ချမှတ်
 ဓာတ်ပုံ အဖမ်းဆီးခံထားရသည့် ကိုဉာဏ်ဝင်းထက်

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ရန်ကုန်တိုင်း ၊ ဒေါပုံမြို့နယ် ဗကသ ‌ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ သုံးခုဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ကိုဉာဏ်ဝင်းထက်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ၅၁(ဂ) ဖြင့် ထောင်ဒဏ် ရှစ်နှစ် ၊ပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့်အပြင်၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက  ထောင်ဒဏ် ငါးနှစ် ထပ်မံအမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

"ဗကသကျောင်းသားတွေ အပါအဝင် နိုင်ငံတဝန်းက ပြည်သူလူထုကို မတရား အကြမ်းဖက်ဖမ်းဆီး ထောင်ချတာတွေ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ အားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝ တာဝန်ရှိတယ်။ တစ်ပါတည်းပြောချင်တာက တော်လှန်ရေးသမားကို ဖမ်းဆီးထောင်ချရုံ အကြမ်းဖက်သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဆုံးခန်းတိုင်အောင် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်"ဟု ဗကသများအဖွဲ့ချုပ်မှ ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။

အသက် ၂၂နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာဌာန၏ ဒုတိယနှစ် ကျောင်းသားတစ်ဦး ဖြစ်ပြီး ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ဒေါပုံမြို့နယ်ရှိ ၎င်းနေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ( ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသား ၅၀ကျော်ကို ဖမ်းဆီးခဲ့ပြီး  လက်ရှိ အကျဉ်းထောင်တွင် ၃၂ဦး အကျဉ်းကျနေကာ ၁၄ဦးသေဆုံးခဲ့ပြီး  ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ သုံးဦး နှင့်  တစ်ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်က ဆက်ပြောသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required