အင်းစိန်ထောင်အနောက်‌ပေါက်အား မြို့ပြပြောက်ကျားအဖွဲ့က အသံဗုံးဖြင့် သတိပေးတိုက်ခိုက်၊ ထောင်တွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိ 

By ဂန္ဒမာ (မဇ္ဈိမ)
24 March 2023
အင်းစိန်ထောင်အနောက်‌ပေါက်အား မြို့ပြပြောက်ကျားအဖွဲ့က အသံဗုံးဖြင့် သတိပေးတိုက်ခိုက်၊ ထောင်တွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိ 

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းရှိ အင်းစိန်အကျဉ်းထောင်အနောက်ပေါက်အား မြို့ပြပြောက်ကျားအဖွဲ့မှ ယနေ့ မတ်လ ၂၄​ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်က အသံဗုံးဖြင့် သတိပေးတိုက်ခိုက်ခဲ့ရာ ထောင်တွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိကြောင်း သတင်းရရှ်ိသည်။ 

အဆိုပါ တိုက်ခိုက်မှုကို Burmese Urban Gullereia Force အဖွဲ့က ပြုလုပ်ခြင်းဟု ယင်းအဖွဲ့တာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

“ ရည်ရွယ်ချက်က အထဲရောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို စိတ်နိုးဆွချင်တာရယ်။ စခ၊ရခ(စစ်ကောင်စီတပ်သား၊ ရဲတပ်သား) တွေကြောက်သွားအောင်ရယ်ပါ။ အသံမိုင်းပဲလုပ်ခဲ့ရတာက ပစ္စည်းအသင့်ရှိတဲ့ဟာနဲ့ အရင်လုပ်လိုက်တာပါ။ ပစ္စည်းလိုအပ်ချက်တွေလည်း ရှိနေသေးတော့” ဟု Burmese Urban Gullereia Force အဖွဲ့တာဝန်ခံ ကိုမောင်က ပြောသည်။ 

မစ်ရှင်ပြုလုပ်ခဲ့သော ရဲဘော်များ ဘေးကင်းရာနေရာရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အကျဉ်းထောင်ထဲမှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး သေနတ်သံများထွက်ပေါ်ခဲ့ကြောင်း သိရသည်။ 

“ပေါက်ကာစ သေနတ်သံ လေး၊ငါး ချက်ကြားတယ်။တံတိုင်းပေါ်မှာ အထဲကိုမမြင်ရအောင် ၆ ပေလောက်ရှိတဲ့ သွပ်တွေ ကာထားသေးတယ်။ အဲ့ဒါပွင့်သွားတယ်ပြောတယ် ” ဟု ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် ကားမှတ်တိုင်တခုစာအကွာအဝေးတွင်ရှိသော ဒေသခံတဦးကပြောသည်။ 

Burmese Urban Gullereia Forceသည် ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်ပြီး  ၂၀၂၃ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။  ယခုမစ်ရှင်မှာ ၎င်းတို့၏ ပထမဆုံးမစ်ရှင်ဖြစ်ကြောင်း အဖွဲ့တာဝန်ခံက ပြောသည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required