ပဲခူးမြို့ မီးရထားလမ်းဌာနမှ CDMဝန်ထမ်း၇၀ ကျော်ကို စစ်ကောင်စီက ဝန်ထမ်းအိမ်ယာမှ နှင်ထုတ်

ပဲခူးမြို့ မီးရထားလမ်းဌာနမှ CDMဝန်ထမ်း၇၀ ကျော်ကို စစ်ကောင်စီက ဝန်ထမ်းအိမ်ယာမှ နှင်ထုတ်

စက်တင်ဘာ ၂၇

ပဲခူးမြို့တွင် CDM ပြုလုပ်ကြသည့် မီးရထားဌာနမှ ရထားလမ်းအင်ဂျင်နီယာ ဝန်ထမ်း ၇၀ ကျော်ကို စစ်ကောင်စီက ၎င်းတို့နေထိုင်ရာ ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားရန် စက်တင်ဘာ ၁၆ ရက် နေ့စွဲဖြင့် စာမိန့်ထုတ်ထားသည်။

" အိမ်ခန်းပြန်လည်အပ်နှံရန် အကြောင်းကြားခြင်း" ဆိုသောစာတွင် " ဝန်ထမ်း များသည် အကြောင်းမဲ့ပျက်ကွက်ခြင်း၊ CDM ပြုလုပ်ခြင်းတို့ကြောင့် လုပ်ငန်း ခွင်သို့ပြန်လည်ဝင်ရောက်ခြင်းမရှိသည့်အတွက် ၎င်းတို့အား... ရည်ညွှန်းစာဖြင့် ရာထူးမှထုတ်ပယ်ခဲ့ပြီးဖြစ်သည်။... ၎င်းတို့အားနေထိုင်ခွင့်ပြုထားသော ဝန်ထမ်းအိမ်ယာလိုင်းခန်းများကို အမြန်ဆုံး ပြန်လည်အပ်နှံပြီး ဖယ်ရှားပေးရန် အကြောင်းကြားအပ်ပါသည်။" ဟု ပါရှိသည်။

မည်သည့်နေ့ နောက်ဆုံးထားကာ ပြောင်းရွေ့ရမည်ကို စာတွင် မရေးသားထား သော်လည်း ယခုလကုန် နောက်ဆုံးပြောင်းရွေ့ရမည်ဟု ယူဆထားကြကြောင်း ပဲခူး ဘူတာဝန်ထမ်းအိမ်ယာတွင် နေထိုင်သူများကပြောသည်။

“ကျွန်တော်တို့ ဌာနမှာက အိမ်ထောင်စုတစ်စုမှာ မိသားစုဝင်တွေများတယ် ။ လူဦးရေ အားလုံး ၄၀၀ ကျော်မယ် ။ အခုလိုအချိန် ပြောင်းခိုင်းတာ အားလုံး ဒုက္ခရောက်အောင်လုပ်တာပဲ။ ဘယ်မှာသွားနေကြမလဲ”ဟု CDMပြု လုပ်ထားသူ ရထားလမ်း အင်ဂျင်နီယာအရာရှိတစ်ဦးမှ ပြောသည်။

ပဲခူးမီးရထားဌာနမှ ရထားလမ်းအင်ဂျင်နီယာဝန်ထမ်း ၈၀ ရာခိုင်နူန်းကျော်သည့် အကြမ်းမဖက် အာဏာဖီဆန်သည့် CDMလှုပ်ရှားမှုတွင် ပါဝင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required