သားအဖ ၂ ဦးကို သတ်မှုဖြင့် ဆိုင်အလုပ်သမား ၃ ဦးကို ဖမ်းဆီး

သားအဖ ၂ ဦးကို သတ်မှုဖြင့် ဆိုင်အလုပ်သမား ၃ ဦးကို ဖမ်းဆီး

စက်တင်ဘာ ၁၈

ပဲခူးမြို့တွင် ဆိုင်ရှင်သားအဖနှစ်ယောက်ကိုသတ်မှုဖြင့် ဆိုင်အလုပ်သမား သုံးဦး ကို စစ်ကောင်စီတပ်က ယမန်နေ့ညက ဖမ်းဆီးလိုက်သည်။

ပဲခူးမြို့ မဇင်းရပ်ကွက် (၁) လမ်းနေ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် ကားအလှ ဆင်လုပ်ငန်းလုပ်ကိုင်နေသူ အသက် ၃၇ နှစ်အရွယ် အမျိုးသားနှင့် အသက် ၁၄ နှစ်အရွယ်သားဖြစ်သူတို့ စက်တင်ဘာ ၁ရ့ရက် ည၉နာရီဝန်းကျင်တွင် အသတ် ခံရသည်။

“အသတ်ခံရတဲ့ အမျိုးသားရဲ့ မိန်းမက အော်ပြီး အကူညီတောင်းတာ အဲ့တော့ ရပ်ကွက်က တံခါးဖွင့်ခိုင်းတာ အဲ့ကောင်တွေက မဖွင့်ပေးဘူး။ တံခါးရိုက်ဖွင့်ပြီး ဝင်ကြည့်တော့ ကျွန်တော်တို့ကိုတောင် ဓါးနဲ့ပြန်ထိုးတာ အပေါ်ထပ်မှာ ကောင်လေးရဲ့ လည်ပင်းကို လျှော်ကြိုးနဲ့ ချည်ထားပြီး ဓါးနဲ့အထိုးခံထားရတာ သူကအဲ့မှာတင် ဆုံးနေပြီ။ သူ့အဖေက လှေကားမှာ ဓါးထိုးခံရပြီး အူတွေထွက် နေတယ်။ ဆေးရုံအသွားမှာ လမ်းမှာဆုံးသွားတယ် သူ့မိန်းမနဲ့ သမီးတယောက် လွတ်သွားတယ်။ ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

အသတ်ခံရသူမှာ လွန်ခဲ့သည့်လအနည်းနည်းခန့်က ယာဉ်မတော်တဆ ဖြစ်ခဲ့ခြင်းကြောင့် ခြေထောက်ထိခိုက်ကာ လမ်းမလျှောက်နိုင်၍ အိမ်တွင်းသို့ ပစ္စည်းအတင်အချလုပ်ရန် အဆိုပါအသက်၂၀ ဝန်ကျင်လူငယ်သုံးဦးကို ခေတ္တ ခေါ်ထားခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားပြီးနောက် လမ်းထိပ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားသည်။

Photo: BDN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required