Covid-19 ကူးစက်ခံရမှုကြောင့် ဆေးကုသမှုခံယူနေသူကို PDF သင်တန်းဆင်းဟုဆိုကာ ဖမ်းဆီး

Covid-19 ကူးစက်ခံရမှုကြောင့် ဆေးကုသမှုခံယူနေသူကို PDF သင်တန်းဆင်းဟုဆိုကာ ဖမ်းဆီး

ဩဂုတ် ၂၆

ပဲခူးမြို့တွင် သြဂုတ်၂၅ရက် ည ၁၂နာရီဝန်းကျင်က ပဲခူးဆေးရုံကြီးတွင် Covid-19ရောဂါကူးစက်ခံရမှု‌ကြောင့်ဆေးကုသမှုခံယူနေသူ နိုင်ကျဉ်းဟောင်း ကိုရန်ပိုင်စိုးကို စစ်ကောင်စီတပ်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီက ၎င်းကို ၎င်း၏ မိဘနေအိမ်ရှိရာ ဆိုရှယ်လစ်ရပ်ကွက် (၁၀)လမ်းသို့ လာရောက် ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ဆေးရုံသို့ လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

"သူ့အဖေက ကိုဗစ်နဲ့ဆုံးသွားတာ သူ့အဖေကို ပြုစုရင်း သူနဲ့သူ့အမေပါကူးခံရတာ ဆေးရုံမှာသုံးရက်ရှိပြီ။ သွေးရည်ကြည်သွင်းပြီး ကုသနေရတာ သူ့အမေလည်း အောက်စီဂျင်ပေးရတာ ဒီလိုအချိန်မျိုးမှာ လာဖမ်းတာတော့ အတော်လွန်တယ်ဗျ။ သူ့ကို PDFသင်တန်းဆင်းဆိုပြီး လာဖမ်းတာလို့သိရတယ်ဗျ။ သူကစွပ်စွဲခံရတာ ပဲခူးမှာပဲရှိတယ် သူဘယ်မှမသွားဘူး"ဟု အဖမ်းခံရသူနှင့် နီးစပ်သူတဦးကပြောသည်။

လက်ရှိတွင် ကိုရန်ပိုင်စိုးတို့သားအမိကို အရိုးဆောင်မှ ဖျားနာဆောင်သို့ ပြောင်းရွေ့ထားပြီး ကိုရန်ပိုင်စိုးကို လက်ထိပ်ခတ်ဖမ်းထားကာ အကြမ်းဖက်စစ်တပ်က မေးမြန်းမှုများပြုလုပ်နေကြောင်း သိရသည်။

သြဂုတ်၂၅ရက်တွင် စစ်‌ကောင်စီတပ်က ပဲခူးမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် ၃၃နှစ်အရွယ် ကိုရန်ပိုင်စိုးအပါအဝင် လူငယ်ငါးယောက်ကို PDFသင်တန်းဆင်းများဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required