ဂုဏ်သိက္ခာအတွက် ရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲဆိုထားသည့် ကိုအောင်ကြီး အမှုဆုံးခန်းတိုင်အထိ ရင်ဆိုင်သွားမည်

ဂုဏ်သိက္ခာအတွက် ရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲဆိုထားသည့် ကိုအောင်ကြီး အမှုဆုံးခန်းတိုင်အထိ ရင်ဆိုင်သွားမည်

ဩဂုတ်လ ၆ ရက်

ဗစ်တိုးရီးယား ကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည်ဟု စွပ်စွဲဖမ်းဆီးခံခဲ့ရသော ကိုအောင်ကြီး(ခ)ကိုအောင်ကျော်မျိုး အနေဖြင့် ဂုဏ်သိက္ခာအတွက် ရဲတပ်ဖွဲ့ကို တရားစွဲဆိုထားမှုအပေါ်  ဆုံးခန်းတိုင်အထိ တရားရင်ဆိုင်သွားရန်ရှိကြောင်း ၄င်း၏ ဖခင်ဖြစ်သူ ဦးမြသိန်းက မဇ္ဈိမကိုပြောသည်။

“အဓိက အောင်ကြီးရဲ့ နစ်နာကြေးအတွက် လျှောက်တယ်။  ကျွန်တော်တို့ကတော့ ဒီပုံစံအတိုင်းဘဲ ဆက်လက်ရင်ဆိုင်မှာလေ။ ဖြတ်ရင်လည်းဖြတ်မယ်။ ရှေ့ဆက်သွားရင်လည်း သွားမယ်ဆိုတာ က ဆရာ့(ဦးခင်မောင်ဇော်) စကားကိုနားထောင်ရမှာ။ သူ(ကိုအောင်ကြီး)နေပြည်တော်ကို သွားဖို့ရှိပေမယ့် မသွားဖြစ်ဘူး ခင်ဗျ။ အခြေအနေက သွားလို့လာလို့လည်း မကောင်းဘူးလေ။ ကျွန်တော်တို့ကတော့ အမှုနဲ့ ပတ်သက်လို့ ဆုံးခန်းတိုင်‌အောင် သွားမှာပါ" ဟု ဦးမြသိန်းက ဆိုသည်။

လက်ရှိတွင် COVID-19 ကပ်ရောဂါကြောင့် တရားရုံးများ ပိတ်ထားသည့်အတွက် ‌ ခေတ္တရပ်နားထားခြင်းဖြစ်ပြီး၊ အခြေအနေများ ပြန်လည်ကောင်းမွန်ပါက အမှုနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု  အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။

တရားလွှတ်တော်‌ရှေ့နေ ဦးခင်မောင်ဇော်သည် နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ခုနှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။

 ဩဂုတ်လအတွင်း ကိုအောင်ကြီးအနေဖြင့် အမှုနှင့်ပတ်သက်၍ သက်သေထွက်ဆိုရန်ရှိသော်လည်း ခရီးသွားလာမှုများ ယာယီရပ်ဆိုင်းထားသည့်အပြင် ၎င်း၏ လုံခြုံရေး အခြေအနေများ‌ကြောင့်  ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။

“ ကိုအောင်ကြီးက ဒီလိုအခြေအနေမျိုးမှာ သူ့အမှုအတွက် ပြန်ရုပ်သိမ်းရင်ကောင်းမလားလို့ တိုင်ပင်လာတာတော့ရှိတယ်။ သူ့လုံခြုံရေးအရပေါ့။ ကျွန်တော်ကတော့ ဒါဟာ ခင်ဗျားအခွင့်အရေးဖြစ်တဲ့ အတွက် ခင်ဗျားသဘောအတိုင်းလို့တော့ ပြောထားတယ်။ ဒီလထဲမှာ သူ့အမှုနဲ့ ပတ်သက်လို့ ထွက်ဆိုဖို့ တော့ရှိတယ်။ ရုံးတွေ ပိတ်ထားတာကြောင့် မစစ်ဖြစ်သေးဘူး။ တရားမ အမှုဆိုတော့လည်း နည်းနည်းကြာတာရယ် ၊လက်ရှိအခြေအနေတွေကြောင့်ရယ် ဆက်မစစ်ဖြစ်သေးတာပါ” ဟု ဦးခင်မောင်ဇော်က ရှင်းပြသည်။

အသက် ၃၁ နှစ်အရွယ် ကိုအောင်ကြီးသည်  နစ်နာကြေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက ကျပ်သိန်း ၅၀၀၀ ရလိုမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် မိသားစု၀င်များနှင့် အတူ ကျန်းမာစွာ ရှိနေကြောင်း သိရသည်။

ကိုအောင်ကြီးအမှုအတွက် နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက တရားမကြီးအမှု အမှတ် ၃၁၂/၂၀၀ဖြင့် ကြားနာစစ်ဆေးသွားရန် လက်ခံထားပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် အမှုအား ရက်ပေါင်း ၅၄၀ အတွင်း အပြီးသတ် စစ်ဆေးရန် ကြားဖြတ်အမိန့် ချမှတ်ထားသည်။

နေပြည်တော် သပြေကုန်းအဝိုင်းအနီးတွင် ဖွင့်လှစ်ထားသော Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းတွင်  တက်ရောက်နေသည့် ဗစ်တိုးရီးယားကလေးငယ်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသဖြင့်  ကလေးငယ်၏မိခင်က ၂၀၁၉ ခုနှစ် မေ၁၇ ရက်က ရဲစခန်းတွင် စတင်အမှု ဖွင့်လှစ်ခဲ့သည်။

ယင်းအမှုတွင် ဖမ်းဆီးခံရသူ ကိုအောင်ကြီးကို  တရားစွဲတင်ရန်ခိုင်လုံသည့် အထောက်အထားများနှင့် သက်သေထွက်ဆိုချက်များ မရှိသည့်အတွက် တရားလိုပြသက်သေများစစ်ဆေး၍မပြီးခင် တရားသူကြီးက ၎င်းကို တရားသေပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ 

ဗစ်တိုးရီးယားကလေးငယ်အမှုနှင့် ပတ်သက်၍ အမှုရုပ်သိမ်းလိုက်ပြီးဖြစ်သော်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူကို ရဲတပ်ဖွဲ့က ယနေ့အချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေး‌ပေ ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly