အတုအယောင်သုံးသပ်ချက်များ တားမြစ်နေချိန်တွင် Amazon က တရုတ်အမှတ်တံဆိပ် ၃ ခုကို ထပ်မံပိတ်ပင်

အတုအယောင်သုံးသပ်ချက်များ တားမြစ်နေချိန်တွင် Amazon က တရုတ်အမှတ်တံဆိပ် ၃ ခုကို ထပ်မံပိတ်ပင်

ကုန်ပစ္စည်းရောင်းသူများက စားသုံးသူများ၏ ထောက်ခံ သုံးသပ်ချက်များကို တောင်းခံရန် ကြိုးပမ်းမှုများအား အွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီကြီး Amazon က ပိတ်ပင်တားမြစ်နေစဉ် တရုတ် စားသုံးသူကုန်အမှတ် တံဆိပ် ၃ ခုကို ၎င်းမှတစ်ဆင့် ရောင်းချခြင်းကို တားမြစ်ခဲ့ရာ တရုတ်ထုတ်ကုန်များ၊ အမေဇုန်တွင် ရောင်းချသူများအတွက် နောက်ဆုံးထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။

Amazon သည် ဇွန် ၁၆ ရက်မှ စတင်၍ ရှန်ကျန်းမြို့အခြေစိုက် အီလက်ထရွန်နစ်ကုမ္ပဏီ Sunvalley လက်အောက်ရှိ RAVPower အမှတ်တံဆိပ် ပါဝါဘဏ်များ၊ Taotronics အမှတ်တံဆိပ် နားကြပ်များနှင့် VAVA ကင်မရာများရောင်းချခြင်းကို ပိတ်ပင်လိုက်သည်ဟု Guangdong SACA Precision Manufacturing ကို ကိုးကား၍ South China Morning Post က ဖော်ပြခဲ့သည်။

၎င်းတို့၏ ဝယ်ယူမှုနှင့် ပတ်သက်၍ အကောင်းမြင်သုံးသပ်ချက်များရေးသားရန်အတွက် သုံးစွဲသူများအား ကုန်သည်များက လက်ဆောင်ကတ်ပြားများ ကမ်းလှမ်းနေသည်ကို တွေ့ရှိပြီးနောက်တွင် ယာယီ ရပ်ဆိုင်းလိုက်သည်။ ယင်းသည် တရုတ် e-commerce လောကတွင် အလေ့အကျင့်တစ်ခုဖြစ်သော်လည်း အမေဇုန်က သုံးသပ်ချက်စနစ် အလွဲသုံးစားပြုခြင်းဟု သတ်မှတ်ခဲ့သည်။

“စုံစမ်းစစ်ဆေးမှုအရ အချို့သောထုတ်ကုန်များသည် ဝယ်သူများအား လက်ဆောင်ကဒ်များ ပေးသည့်အတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ်သည် Amazon ၏ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲနိုင်ကြောင်း” SACA မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည့် အမှတ်တံဆိပ် ၃ ခုသည် ကလေးစောင့်ကြည့်ရေး ကင်မရာများအပါအဝင် အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးကို ရောင်းချပြီး ပိတ်ပင်ခံရသော ထုတ်ကုန်များသည် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှ စ၍ Sunvalley၏ စုစုပေါင်းရောင်းအား၏ သုံးပုံတစ်ပုံခန့်ရှိသည်ဟု SCMP မှ သတင်းတွင် ဖော်ပြခဲ့သည်။

TikTok ပိုင်ရှင် ByteDance က ကျောထောက်နောက်ခံပြုထားသော အွန်လိုင်းစတိုးအပါအဝင် စားသုံးသူများ၏ အပြုသဘော သုံးသပ်ချက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သောကြောင့် Amazon က အခြားတရုတ်ကုန်သည်များကိုလည်း အလားတူ အရေးယူခဲ့သည်။

မေလမှစ၍ တရုတ်နိုင်ငံ၏ ထင်ရှားသော အီလက်ထရောနစ်ပစ္စည်း အသေစားရောင်းချသူများ၏ ထုတ်ကုန်စာရင်းများ သည် Amazon ၏ အွန်လိုင်းဈေးကွက်မှ ပျောက်ကွယ်သွားကြောင်း SCMP အစောပိုင်းက ဖော်ပြခဲ့သည်။

မိတ်ဆွေတစ်ဦးအား သုံးသပ်ချက် ရေးပေးရန်တောင်းဆိုမှုအပါအဝင် စည်းကမ်းချိုးဖောက်မှုများကို Amazon က လုံးဝသည်းမခံသော မူဝါဒရှိပြီး တရုတ်ကုမ္ပဏီများပါဝင်သဖြင့် ယခုလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံတွင် အများပြည်သူ၏ အာရုံစိုက်မှုကိုရရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly