MSF ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်းရန် တနင်္သာရီတိုင်းစစ်ကောင်စီအမိန့်ကြောင့် HIV နှင့်နေထိုင်သူ ၂၀၀၀ ကျော်ထိခိုက်

MSF ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်းရန် တနင်္သာရီတိုင်းစစ်ကောင်စီအမိန့်ကြောင့် HIV နှင့်နေထိုင်သူ ၂၀၀၀ ကျော်ထိခိုက်

ဇွန် ၉

နယ်စည်းမခြားဆရာဝန်အဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအားလုံးရပ်ဆိုင်းရန် တနင်္သာရီတိုင်းဒေသကြီးအာဏာပိုင်များက ညွှန်ကြားလိုက်သဖြင့် HIV/AIDS နှင့် နေထိုင်နေသူပေါင်း ၂၀၀၀ ကျော်ကိုတိုက်ရိုက်ထိခိုက်သွားစေမည်ဟု ဆေးအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

Medecins Sans Frontieres (MSF) ဟုလူသိများသည့်  နိုင်ငံတကာဆေးဘက်ဆိုင်ရာအဖွဲ့၏ လုပ်ဆောင်နေမှုများအားလုံးကိုရပ်တန့်ရန် တားမြစ်သောစာကို တနင်္သာရီတိုင်းဒေသကြီးအာဏာပိုင်များက ထားဝယ်မြို့ရုံးကို ဇွန်လ ၈ ရက်နေ့က ပေးပို့ခဲ့သည်။

" ဒီဆုံးဖြတ်ချက်ကြောင့် MSF စောင့်ရှောက်မှုအောက်က မေတ္တာရိပ်ဆေးကုခန်းမှာ ဆေးကုသမှုခံယူနရတဲ့ HIV/AIDS နဲ့ နေထိုင်နေသူ လူနာပေါင်း ၂၁၆၂ ဦးရယ်၊ အမျိုးသား တီဘီ အစီအစဉ် (အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း) က မလည်ပတ်တော့လို့ MSF ထောက်ပံ့ပေးနေတဲ့နေရာတွေကနေ ကုသမှုခံယူနေရတဲ့ တီဘီလူနာတွေကိုပါ တိုက်ရိုက်ထိခိုက်ပါလိမ့်မယ်" ဟု MSF ဂျနီဗာစင်တာ၏ ညွှန်ကြားရေးမှူးချုပ် စတီဗင်ကော်နစ်ရှစ်က သူ၏ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

" MSF လုပ်ဆောင်မှုတွေဆိုင်းငံံ့စေခြင်းဟာ ကျွန်တော်တို့ရဲ့လူနာတွေအတွက် သေရေးရှင်ရေးကိစ္စဖြစ်ပြီး ရောဂါတွေပြန့်နှံမှုပိုဖြစ်လာမဲ့အန္တရာယ်၊ လူနာသစ်တွေရဲ့အသက်ကိုကယ်တင်နိုင်မဲ့ကုသမှုကိုတားမြစ်စေတာ အထူးသဖြင့် HIV နဲ့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုက ဆိုးဆိုးရွားရွားဖျက်ခံထားရချိန်မှာ ဆိုးရွားတဲ့ရှုတ်ထွေးမှုတွေဖြစ်လာနိုင်တယ်" ဟု သူက ဆက်လက်ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်ကတည်းကစတင်၍  ကုသမှုပေးနေသော MSF သည် ထားဝယ်မြို့တွင် ဆယ်စုနှစ် နှစ်ခုနီးပါး HIV နှင့်နေထိုင်နေသူများအတွက် အေအာရ်ဗွီကုထုံးနှင့် ဆေးကုနေသာ အဓိကအဖွဲ့တစ်ခုဖြစ်ပြီး မူးယစ်ဆေးထိုးသူများနှင့်ရွှေ့ပြောင်းများအတွက်လည်း ကာကွယ်ရေးပါလုပ်ဆောင်နေခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်တော့ "အာဏာသိမ်းစစ်ကောင်စီသည် လူမှုရေးအသင်းအဖွဲ့များဖြစ်သော ကလေးသူငယ်များရန်ပုံငွေအသင်း (Child Fund)၊ လူသားခြင်းစာနာထောက်ထားမှု ထောက်ပံ့ရေးအသင်း (World Vision) တို့သာမက နိုင်ငံရေးနှင့်မဆက်နွယ်သော အသင်းအဖွဲ့များဖြစ်သော  ကမ္ဘာ့သားရဲတိရိစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေးအသင်း (WWF) နှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေး အသင်းအဖွဲ့တို့ ၏ လှုပ်ရှားကူညီမှုများကို ကန့်သတ်ထိမ်းချုပ်လိုက်သည်" ဟု ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly