ရာရာစ့်(Yaas) ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၂၆ ရက်တွင်အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်ဟု ပညာရှင်များခန့်မှန်း၊မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ဒေသအများစုမိုးကြီးနိုင်

ရာရာစ့်(Yaas) ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၂၆ ရက်တွင်အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်ဟု ပညာရှင်များခန့်မှန်း၊မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ဒေသအများစုမိုးကြီးနိုင်

မေ ၂၄

ရာရာ့စ်(Yaas)အမည်ပေးထားသည့်ဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် မေလ ၂၆ ရက် ည သန်းခေါင်ကျော်တွင် အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းခြေ၊ ဩရိသပြည်နယ် သို့၀င်ရောက်နိုင်သည်ဟု နိုင်ငံတကာမိုးလေ၀သစောင့်ကြည့် လေ့လာရေးပညာရှင်များက ခန့်မှန်းထားကြသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် လေတိုက်နှုန်း ၈၀ နော်တီကယ်မိုင်(တစ်နာရီ ကို ၉၀.၂ မိုင်နှုန်း)အထိ ရှိမည်ဟု ခန့်မှန်းထားကြသည်။

ဘဂ်လားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းသည် ယနေ့ မုန်တိုင်းငယ်ဖြစ်ခဲ့ပြီး မနက်ဖြန်မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဖြစ်လာနိုင်တယ်လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှလည်းယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

လာမည့် ၄၈ နာရီအတွင်း မြန်မာနိုင်ငံအနှံ မိုးရွာနိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် နောက်ဆက်တွဲ ကြုံလာနိုင်သည့် ဘေးအန္တရာယ်များကိုလည်းပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးမှ သတိပေးထားသည်။

မုန်တိုင်းအရှိန်ကြောင့် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ဧရာ၀တီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနှင့် တနသာရီတိုင်း နေရာစိပ်စိပ်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ခြေရှိသော မိုးနှင့်အတူလေပြင်းတိုက်ခတ်နိုင်သည်။

ယင်းမုန်တိုင်းအရှိန်ကြောင့်နောက်ဆက်တွဲကြုံလာနိုင်သည့် ဘေးအန္တရာယ်အနေ ဖြင့် တောတွင်းတိမ်း‌ရှောင်ကြသောစစ်ဘေးရှောင်ပြည်သူများအနေဖြင့် မြစ်ချောင်းအနီးတွင်အခြေချနေထိုင်ခြင်းနှင့်တောင်စောင်းများတွင်နေထိုင်ခြင်းများသတိထားရန်၊ရုတ်တရက်မြစ်ရေ/ချောင်းရေတက်လာခြင်းနှင့်မြေပြိုခြင်းများဖြစ်လာနိုင်သည့်နေရာများသတိပြုရှောင်ရှားရန်၊ ကချင်ပြည်နယ် မြောက်ဖျားပိုင်းနှင့် အရှေ့ပိုင်းတို့တွင်သတ္တုတူးဖော်သည့် ပြည်သူများလည်းသတိပြုရန် ထုတ်ပြန်ထားသည်။

ယင်း ရာရာစ့်(Yaas)အမည်ရှိဆိုင်ကလုန်းမုန်တိုင်းရိုက်ခတ်မှုအရှိန်ကြောင့် မြန်မာနိုင်ငံသို့ မုတ်သုန်မိုးဝင်ရောက်မှုအတွက် အားဖြစ်စေပြီး ပြီးခဲ့သည့် နှစ်များက သတ်မှတ်မိုးရေချိန်မပြည့်၍ ရေခမ်းလုနီးပါးဖြစ်ခဲ့ရသည့် ရေလှောင်တမံများ၊ ဆည်ကြီးများအတွက် ရေပြန်လည်ပြည့်လာစေနိုင်မည့်မိုးတွင်းကာလတစ်ခု ဖြစ်လာနိုင်သည်ဟုပြည်တွင်းပညာရှင်အချို့ကခန့်မှန်းသုံးသပ်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly