သူရဦးရွှေမန်း သမ္မတဖြစ်မှ အခြေခံဥပဒေပုဒ်မ ၅၉(စ) ပြင်နိုင်မည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြော

သူရဦးရွှေမန်း သမ္မတဖြစ်မှ အခြေခံဥပဒေပုဒ်မ ၅၉(စ) ပြင်နိုင်မည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂ ။              ။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား သမ္မတအဖြစ် တင်မြောက်မှသာ အစိုးရသစ်လက်ထက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပြင်ဆင်နိုင်လိမ့်မည် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောကြားလိုက်သည်။

အစိုးရသစ်လက်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မေးမြန်းစဉ် ၎င်းက ယခုကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

"ဦးရွှေမန်းဦးဆောင်ပြီးမှ ပြည်ထောင်စုအစိုးရကိုထိမ်းညှိမယ်။ နောက် ပြည်ထောင်စုပါလီမန်ထဲမှာရှိတဲ့ တပ်မတော်သားတွေကို ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိပြီးကာမှ ၅၉(စ)ကိုပြင်ပြီးမှ   ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ် လာအောင် ပုံဖော်လာနိုင်တဲ့ အခြေနေရှိတယ်။ လာမယ့်ကာလမှာ NLD ဘက်က တင်မယ့် သမ္မတရဲ့ သြဇာအာဏာ တပ်မတော်အပေါ်မှာ ချဉ်းကပ်နိုင်ဖို့နဲ့ စွဲဆောင်နိုင်ဖို့ အင်မတန်အရေးကြီးတယ်။ အဲလိုမဟုတ်ဘဲနဲ့ အရပ်သားသမ္မတသာ တင်ပေးလိုက်ရင် ကျွန်တော်ထင်တယ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက ဇီးရိုးကို ဖြစ် သွားနိုင်တယ်"ဟု ဒေါက်တာအေးမောင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲအနိုင်ရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့သည် အကြိမ်ရေ ခပ်စိပ်စိပ် တွေ့ဆုံခဲ့ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် သူရဦးရွှေမန်းအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနှင့် ပတ်သက်၍ တပ်မတော်အား စည်းရုံးနိုင်သည့် အလားအလာရှိကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စစ်ရေးအတွေ့အကြုံမရှိသည့် ပါတီဝင် လေးဦးမှ ဆယ်ဦးကို သမ္မတ လောင်းအဖြစ် လျာထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သူ၏ ဂျပန်နိုင်ငံခရီးစဉ်တွင် ပြောကြားထားသည်။

‘‘လေးယောက်ကနေ ဆယ်ယောက်လောက် လျာထားတယ်။ သမ္မတဖြစ်မယ့် လူဟာ ပါတီဝင် ဖြစ်ပြီး အရင်ရော၊ လက်ရှိရော စစ်ရေးအတွေ့အကြုံမရှိသူဖြစ်ရမယ်’’ဟု  ဦးဉာဏ်ဝင်းက   ပြောကြားကြောင်း နိုဝင်ဘာ ၂၉ ရက်ထုတ် ယိုမိယူရီ သတင်းစာက ဖော်ပြထားခြင်း ဖြစ်သည်။

လတ်တလောတွင် ယခင်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက ဦးတင်ဦး၊  အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက် စသဖြင့် သမ္မတလောင်းအဖြစ် ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမကိုယ်တိုင် သမ္မတဖြစ်လိုကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုမှုများရှိခဲ့ပြီး ၂၀၁၂ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲသို့ ဝင်ရောက် အရွေးချယ်ခံစဉ်ကပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်မည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် လွှတ်တော်နာယက သူရဦးရွှေမန်းကိုတိုင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွက်မဲဖြင့် ပုဒ်မ ၅၉(စ)၊ ပုဒ်မ(၄၃၆) အပါအဝင် အရေးကြီးသည့် ပုဒ်မများ ပြင်ဆင်ရေးမှာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly