တောင်ကိုရီးယား၏ Posco က မြန်မာနိုင်ငံရှိ ဓာတ်ငွေ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည်ဟု ပြော

တောင်ကိုရီးယား၏ Posco က မြန်မာနိုင်ငံရှိ ဓာတ်ငွေ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည်ဟု ပြော

ဧပြီ ၂၆

တောင်ကိုရီးယား သံမဏိ (စတီး) ကုမ္ပဏီကြီး Posco က မြန်မာနိုင်ငံရှိ ဓာတ်ငွေ့လုပ်ငန်းကို ဆက်လက် လည်ပတ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၆ ရက်တွင် ပြောခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ၀ယ်လိုအား အားကောင်းမှု၊ တရုတ်၌ ထုတ်လုပ်မှု လျှော့ချမှုတို့နှင့်အတူ သံမဏိစျေးနှုန်းများ မြင့်တက်ခြင်းကြောင့် ယင်း၏ ပထမ သုံးလပတ် လုပ်ငန်းလည်ပတ်မှု အကျိုးအမြတ်သည် နှစ်ဆကျော် တက်ခဲ့ကြောင်း အဆိုပါ ကိုရီးယားကုမ္ပဏီက ထုတ်ပြန်ထားခဲ့သည်။

တောင်ကိုရီးယား၏ အကြီးဆုံးသော သံမဏိထုတ် ကုမ္ပဏီကြီး Posco က မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ပတ်သက်မှုရှိသည့် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်နှင့်အကြား စီးပွားရေးဖက်စပ်လုပ်ငန်းကို အဆုံးသတ်တော့မည်ဟု ယခုလအတွင်း ကြေညာထားခဲ့သည်။ မြန်မာစစ်တပ်သည် နိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ကျယ်ကျယ်ပြန့်ပြန့် ခံထားခဲ့ရသည်။

သို့ရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံပိုင် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ကုမ္ပဏီနှင့်အကြား အကျိုးအမြတ် မျှ‌ဝေမှု ပုံစံဖြင့် သဘာ၀ဓာတ်ငွေ့ လုပ်ငန်းအတွက် ပေးချေရသည့် ငွေကြေးများသည် စစ်တပ်ထံ မဟုတ်ဘဲ နိုင်ငံ၏ ဘဏ္ဍာရေး၀န်ကြီးဌာနထံ ရောက်ရှိခြင်းဖြစ်ကြောင်း Posco က ပြောသည်။ ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းစျေးကွက်သို့ ဖြည့်ဆည်းပေးခြင်း ဖြစ်ရာ ယင်းလုပ်ငန်းသည် မြန်မာပြည်သူများ၏ နေ့စဥ်ဘ၀အတွက် အရေးကြီးကြောင်း Posco က ပြောသည်။

“ဓာတ်ငွေ့ လုပ်ကွက် လုပ်ငန်းက အာဏာသိမ်းစစ်အုပ်စုနဲ့ ပတ်သက်နေတယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု Posco ၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဂျောင်ဂျွန်ဆန်းက ပြောခဲ့သည်။

မြန်မာရှိ ယင်း၏ ဓာတ်ငွေ့လုပ်ငန်းကို ရပ်ဆိုင်းရန် Posco ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တိုက်တွန်းထားခဲ့ကြပြီး  အကြောင်းမှာ ယင်း၏ လုပ်ငန်းပါတနာဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE သည် အာဏာသိမ်းစစ်အုပ်စုအတွက် အဓိကဘဏ္ဍာရေးရင်းမြစ်တစ်ခုဖြစ်နေ၍ ဖြစ်သည်ဟု ပြောခဲ့သည်။

Posco သည် ဓာတ်ငွေ့လုပ်ကွက်လုပ်ငန်းကနေတဆင့် MOGE ထံ အစုပေါ်အမြတ်အဖြစ် အကျိုးအမြတ် ၁၅ ရာခိုင်နှုန်းကို ပေးပြီး ပေးချေမှု စုစုပေါင်းပမာဏသည် ၂၀၁၈ ခုနှစ်က ၀မ်ငွေ ၂၀၀ ဘီလီယံ (ဒေါ်လာ သန်း ၁၈၀) ကျော်အထိ ရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုဖြစ်သည့် PSPD က ပြောသည်။

လုပ်ငန်းလုပ်ကိုင်မှုတွင် အကျိုးအမြတ် ပေးချေမှု ပုံစံနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့များက နားလည်မှုလွဲနေကြောင်း မြန်မာနိုင်ငံတွင် ဓာတ်ငွေ့လုပ်ငန်းကို လည်ပတ်နေသည့် Posco International က ပြောခဲ့သည်။

“ပူးပေါင်းအဖွဲ့အစည်းထဲမှာ ကျွန်တော်တို့အပါအ၀င် ကုမ္ပဏီအများအပြား ရှိပါတယ်၊ MOGE ပါတယ်၊ Korea Gas Corp ပါတယ်၊ နောက် အိန္ဒိယရဲ့ နိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီလည်း ပါပါတယ်” ဟု Posco International မှ ပြောရေးဆိုခွင့်ရှိသူ ကန်းပီလ် ဆောင်းက ပြောသွားခဲ့သည်။ “ပေးချေမှုဟာ သဘောတူညီချက်အရ မြန်မာရဲ့ နိုင်ငံပိုင်ဘဏ်ထဲ အလိုအလျောက် သွားပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly