ကိုဗစ်စင်တာမှ ပျောက်ဆုံးသွားသည့် တရုတ်အမျိုးသားအား တောင်ကိုရီးယား ရှာဖွေနေ

By Channel News Asia
08 January 2023
ကိုဗစ်စင်တာမှ ပျောက်ဆုံးသွားသည့် တရုတ်အမျိုးသားအား တောင်ကိုရီးယား ရှာဖွေနေ

တောင်ကိုရီးယားသို့ ရောက်ရှိလာချိန်တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် တရုတ်နိုင်ငံသားတစ်ဦးသည် သီးသန့် ခွဲခြားနေထိုင်သည့်စင်တာမှ ပျောက်ဆုံးသွားသည့်အတွက် ခြေရာခံရှာဖွေနေရကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

ဆိုးလ်မြို့အနီးရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီလ ၃ ရက်နေ့ညနေပိုင်းတွင် ရောက်ရှိလာသည့် ကိုဗစ်ကူးစက်ခံထားရသော ၎င်းတရုတ်အမျိုးသားအား သီးသန့်ခွဲခြားနေထိုင်ရေးအတွက် စာရင်းမသွင်းမီ အနီးအနားရှိဟိုတယ်တစ်ခုသို့ ပို့ဆောင်ထားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက ပြောသည်။
တောင်ကိုရီးယားအစိုးရက ထိုတရုတ်နိုင်ငံသားကို အလိုရှိသူများစာရင်းတွင် ထည့်သွင်းထားကြောင်း အရာရှိကင်မ်ဂျူးယောင်းက ပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဥပဒေအား ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရပါက ထောင် ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ ဝမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၇၈၄၀) ချမှတ်ခံရမည်ဖြစ်သည်။
“အဲဒီလူဟာ ပြည်နှင်ဒဏ်ပေးခံရနိုင်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ တောင်ကိုရီးယားကိုဝင်ရောက်ခွင့် ပိတ်ပင်ခံရမှာပါ”ဟု အရာရှိကင်မ်ဂျူးယောင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒများကို ရုပ်သိမ်းရန် တရုတ်၏ဆုံးဖြတ်ချက်ကြောင့် ရောဂါကူးစက်မှု နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် ကန့်သတ်ချက်များ ချမှတ်ထားသော နိုင်ငံများစာရင်းတွင် တောင်ကိုးရီးယားနိုင်ငံလည်းပါဝင်လာပြီး တရုတ်မှဝင်ရောက်လာသူများကို မဖြစ်မနေ ကိုရိုနာဗိုင်းရပ်စစ်ဆေးရန် ဇန်နဝါရီလ ၃ ရက်က ကြေညာခဲ့သည်။
ယခုသီတင်းပတ်မှစတင်၍ တောင်ကိုရီးယားသို့ရောက်ရှိလာသော တရုတ်ခရီးသွားများသည် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုခံယူရမည်ဖြစ်သည်။
တောင်ကိုရီးယားတွင် လူပေါင်း ၅၉၀ အား ရောဂါပိုးစစ်ဆေးခဲ့ရာ ၁၃၆ ဦး သို့မဟုတ် ၂၂ ဒသမ ၇ ရာခိုင်နှုန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (KDCA) မှ ထုတ်ပြန်ထားသည်။
ပျောက်ဆုံးနေသော တရုတ်အမျိုးသားကိစ္စကြောင့် ရောဂါပိုးကူးစက်ခံထားရသော ပြည်တွင်းခရီးသွားများကို ထိန်းချုပ်စီမံခန့်ခွဲသည့် တောင်ကိုရီးယား၏စနစ်အကြောင်း မီဒီယာများတွင် မေးခွန်းထုတ်စရာဖြစ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly