စစ်အုပ်စုချောင်ပိတ်ချိန် ပြန်တည်နေရမယ့် ယန္တရား

စစ်အုပ်စုချောင်ပိတ်ချိန် ပြန်တည်နေရမယ့် ယန္တရား
 ဖေဖော်ဝါရီ ၁၅ ရက်နေ့ ရန်ကုန်မြို့တွင် စစ်အာဏာ၍ရှင်အလိုမရှိကြောင်းဆန္ဒထုတ်ဖော်နေစဉ်(Photo - AFP )

နွေဦးတော်လှန်ရေးဟာ "တိုင်ရင်း တည်မှ အောင်မြင်မယ့် ပြည်သူ့တော်လှန်ရေး"။

တော်လှန်ရေးရဲ့ သဘောတရားအရ တိုက်ရင်းသပ်သပ်ဆိုရင် အချိန်ကာလာ ကြာလာတာနဲ့အမျှ တဖြည်းဖြည်းချင်း ပွန်းပဲ့လာနိုင်တာကြောင့် တိုက်ရင်းနဲ့ တစ်ဖက်မှာလည်း တည်ဆောက်ဖို့က အရေးကြီးတယ်ဆိုတာကို တော်လှန်ရေးသမားတိုင်း၊ ဒီမိုဘက်တော်သား နိုင်ငံရေး သမားတိုင်း မျက်ခြည်မပြတ်ဖို လိုပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ပေမယ့် အခုအချိန်အထိ သူတို့လိုချင်တဲ့ အုပ်ချုပ်ရေးယန္တရား မတည်ဆောက်နိုင်တာဟာ တော်လှန်ရေးရဲ့ အားကောင်းမောင်းသန်ရှိနေမှုကြောင့် ဖြစ်တယ်။ အထူးသဖြင့် စစ်အုပ်စုကို နည်းပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက တော်လှန်တဲ့နေရာမှာ လမ်းပေါ်တက် ပြည်သူနဲ့ CDM ဝင် ပြည်သူ့ဝန်ထမ်း တွေရဲ့ လုံ့လနဲ့ အနစ်နာခံနိုင်မှုက တော်လှန်ရေးကို အသက်ဆက်ပေးထားတာ ဖြစ်တယ်။ ဒီ ပြည်သူနဲ့ ဝန်ထမ်းကို အခြေခံတဲ့ တော်လှန်ရေးဒေါက်တိုင် နှစ်ရပ်ဟာ စစ်အုပ်စု မလုံခြုံရေး၊ ယန္တရားမတည်ဆောက်နိုင်ရေးကို အကောင်းဆုံး ဟန့်တားထားနိုင်တာကို မြင်ကြမှာပါ။ အသက်ပေး၊ ဘဝပေးပြီး ဟန့်တားခဲ့တာကြောင့် ကမ္ဘာကတောင် သြချခဲ့ရတဲ့ နွေဦးတော်လှန်ရေးသမားတွေပါ။

မင်းအောင်လှိုင် စစ်အုပ်စုအတွက် သူတို့ ယန္တရားတွေ လည်ပတ်နိုင်ရေးနဲ့ အသက်ဆက်ရေးအတွက် အဓိကအန္တရာယ်ပေးဆုံးသူတွေ ကလည်း ဒီလူတွေဆိုတာကို ကောင်းကောင်း သိပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်းပြီးကာလ ကျောပိုးထားတဲ့ သူတို့ရဲ့ လူသတ် လက်နက်တွေဟာ အခုဆိုရင် ယမ်းငွေ့မပြတ်အောင်ကို ပြည်သူကို မျက်နှာမူ ပစ်ခတ်ပြီး နည်းပေါင်းစုံနဲ့ နှိပ်ကွပ်ဖို့ ကြိုးစားနေပါတယ်။

နေ့မှာ ပစ်ဖမ်း၊ ညမှာ ဝင်ဖမ်းပုံစံ ကျင့်သုံးပြီး နေ့မှာ သပိတ်ခွဲ၊ ညမှာ CDM ဝင်ဖမ်းတာတွေ ဆက်တိုက်လုပ်လာသလို ဖမ်းချင်တဲ့သူ မမိရင် မိသားစုကိုပါ ဓားစာခံအဖြစ် ပြန်ပေးဆွဲတာမျိုးတွေ ပေါ်ပေါ်တင်တင် လုပ်နေတာ ဖြစ်တယ်။ လမ်းပေါ်တက် ပြည်သူနဲ့ CDM ဝင် ပြည်သူ့ဝန်ထမ်းတွေဟာ နွေဦးတော်လှန်ရေးရဲ့ အသက်သွေးကြော၊ နွေဦးတော်လှန်ရေး ဝိဉာဉ် ဆိုတာကို စစ်အုပ်စုဘက်က ကောင်းကောင်း နားလည်ထားလို့လည်း နည်းပေါင်းစုံ၊ လက်နက်ပေါင်းစုံသုံးပြီး အင်အားသုံး ဖိနှိပ်လာတာ ဖြစ်တယ်။ ဒီနွေဦးတော် လှန်ရေး ဒေါက်တိုင်နှစ်ခုကပဲ သူတို့ရဲ့ အာဏာသိမ်းရေး ရည်မှန်းချက်တွေကို တစစီ ရိုက်ဖဲ့၊ ချိုးဖဲ့မယ်ဆိုတာကို စစ်အုပ်စုက တွက်ဆ ထားပြီးသား ဖြစ်ပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးက ပေါက်ဖွားပေးလိုက်တဲ့ ဖက်ဒရယ်ကို သွားမည့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရှိလာနေပါပြီ။ NUG ဟာ CRPH ကို အခြေခံဖွဲ့စည်းထားပေမယ့် တိုင်းရင်းသားအများစု ပါဝင်တာကြောင့် စစ်အာဏာရှင်ယန္တရား အပြီးတိုင် ပျက်စီးရေး လိုလားသူတိုင်းက ထောက်ခံအားပေးနေကြတဲ့ အစိုးရ ဖြစ်နေပါပြီ။ စစ်အုပ်စုက လက်နက်နဲ့ အာဏာသိမ်းပြီးနောက် ပိုင်း နွေဦးတော်လှန်ရေးသမားတွေရဲ့ ဖိအားပေး တိုက်တွန်းချက်ကြောင့် CRPH ဖြစ်လာပေမယ့် အကြွလေး အထနှေးတဲ့အတွက် တော်လှန်သူတွေဘက်မှာ အားနည်းချက်ဖြစ်ခဲ့ရတယ်ဆိုတာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အစိုးရအဖြစ် ဖွဲ့စည်းနိုင်အောင် လုပ် ဆောင်ခဲ့လို့ ပြည်သူနဲ့ CDM ဝန်ထမ်းတွေ အားတက်ခဲ့ရပါတယ်။ နိုင်ငံရေးအရ ဦးဆောင်မှုပေးမယ့် အစုအဖွဲ့ ရှိလာပြီဖြစ်တာမို့ စစ်အုပ်စု ယန္တရား အပြီးတိုင် ရပ်ဆိုင်းသွားရေး ပိုတိုး တွန်းလှန်ဖို့ အားအင်တွေ ရလာပါပြီ။ ဒီအားအင်တွေနဲ့ ရှေ့ဆက်မယ်ဆိုရင် မင်း အောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုနဲ့ သူတို့ရဲ့ ယန္တရားတွေ ထာဝရ ရပ်ဆိုင်းရေးဟာ မဝေးတော့ပါဘူး။

ဒီလိုရပ်ဆိုင်းရေးအတွက် လက်ရှိ ဖွဲ့စည်းထားတဲ့ NUG အနေနဲ့ ဒီဒေါက်တိုင်တွေ ခိုင်မြဲဖို့ အစီအမံတွေကို အဆောတလျင် လုပ်ဆောင်ဖို့ လိုပါတယ်။ ဘာတွေ လုပ်မယ်၊ ညာတွေ လုပ်မယ်ဆိုတာကို လူမှုကွန်ရက်ပေါ် အစည်းအဝေးထိုင်ပြပြီး လုပ်ဆောင်ပြ လို့ မရပါဘူး။ တကယ်ကို မြေပြင်ကို ရောက်နိုင်တဲ့၊ ရောက်မယ့် နည်းဗျူဟာတွေ ချမှတ်ဖို့ လိုပါတယ်။ CRPH စဖွဲ့ကာစလို အထ နှေး အကြွ လေး နေလို့ မရတော့ပါဘူး။

အစိုးရတစ်ရပ်ရဲ့ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို လုပ်တာက လုပ်တာ တစ်ပိုင်းပါ။ တစ်ဖက်ကလည်း စစ်အုပ်စု ယန္တရား အပြီးတိုင် ချုပ်ငြိမ်းရေး တော်လှန်ရေးဒေါက်တိုင်တွေ ခိုင်မာအားကောင်းရေးအတွက်လည်း ကဏ္ဍတစ်ခုဖွင့် လုပ်ဆောင်ဖို့ လိုပါတယ်။ CDM ဝန်ထမ်းတွေကို အလုပ်မဝင်ဘဲ ရပ်တည်နိုင်ဖို့ ကူညီတာတွေ လုပ်နေတာတွေ ရှိပေမယ့် ဒီ့ထက်ပိုမို ထိရောက်တဲ့ ကူညီထောက်ပံ့ရေး လမ်းကြောင်းတွေ နယ်ပယ်စုံက ဖွင့်ထားဖို့ လိုပါတယ်။

ထို့အတူ တစ်ဖက်ကလည်း အစိုးရတစ်ရပ်မှာ ရှိသင့်တဲ့ စစ်တပ်ဖွဲ့စည်းရေးအတွက် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဆိုတာတွေထက် ပိုပြီးလက်တွေ့ကျတဲ့ ခုခံကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းရေးကို ပိုပြီးတော့ အားစိုက်သင့်ပါတယ်။ သတင်းမီဒီယာတွေက တက်လာတဲ့ မေးခွန်းတွေ ဖြေနိုင်ရုံ၊ အောက်ခြေက လူထုတွေကို မျှော်လင့်ချက်ပေးရုံ ဖြေကြားနေ၊ လုပ်ဆောင်နေလို့ မရပါဘူး။ ဒီလို ဆက်လုပ်ဆောင် နေမယ်ဆိုရင် တော်လှန်ရေးအမာခံ ဒေါက်တိုင်တွေ တဖြည်းဖြည်း ပွန်းလာ၊ ပဲ့လာပါလိမ့်မယ်။ ဒီ့အတွက် ထောက်ပံ့ရေးနဲ့ ခုခံတော်လှန်ရေးအတွက် လက်တွေ့ကျတဲ့ မြေပြင်အစီအမံတွေကို တည်ဆောက်ဖို့ လိုပါပြီ။ ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးဆိုတာ အဆင့်ပေါင်းများစွာ လိုအပ်သေးသလို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းမယ်ဆိုတာတွေဟာ မြေပြင်အနေအထားနဲ့က အစပ်အဟပ် သိပ်မရှိသေးသလို ဒီအဆင့်ရောက်ဖို့အတွက်လည်း NUG က ပြင်ဆင်နေတာထက် လူထုဒေါက်တိုင်တွေက ရှေ့က ဦးဆောင် ပြုလုပ်နေတာပဲ ပိုများနေပါတယ်။ ဒီလိုလုပ်ဆောင်မှုကို ထိရောက်တဲ့ ပံ့ပိုးမှုတွေ ရှိလာဖို့ NUG ဘက်က အလျင်အမြန် လုပ်ဆောင်ရမှာပါ။

တော်လှန်ရေးဒေါက်တိုင်တွေ ခိုင်မြဲတောင့်တင်းပြီး စစ်အုပ်စု ဇာတ်သိမ်းရေးအတွက် NUG ဘက်က ရေရှည်တိုက်ပွဲလို့ ယူဆရင် လိုအပ်တဲ့ ပြည်သူ့ယန္တရားတွေကို တည်ဆောက်နိုင်ရေး အရေးတကြီးလုပ်ဆောင်ဖို့ လိုပါတယ်။ စစ်အုပ်စုရဲ့ ဖိနှိပ်ဟန့်တားမှုကို ကန့်သတ်ထားနိုင်ရေးအတွက် စစ်အုပ်စုကို အသက်ဆက်နေစေတဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ သူတို့ကို ထောက်ခံနေတဲ့ ပြည်သူ့ လောက်ကောင် သစ္စာဖောက်အုပ်စုတွေကို သက်ကွင်းထဲရောက်အောင် ပို့ဖို့ လိုနေပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေကို ဆန်ရှင်လုပ်နေပေမယ့် သူတို့ကို ထောက်ခံတဲ့ တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံတွေကြောင့် စစ်အုပ်စုက အသက်ဆက်နေတာပါ။ စီးပွားရေးလုပ်ငန်းတွေသာ မပိုင်ဆိုင်ထားရင် စစ်အုပ်စုဟာ CDM ဝန်ထမ်းနဲ့ ပြည်သူတွေရဲ့ တော် လှန်အာခံမှုကြောင့် နှစ်လလောက်အတွင်း ကျရှုံးသွားနိုင်ပါတယ်။ သို့သော် ကိုယ်ပိုင်စီးပွားရေးတည်ဆောက်ထားတဲ့ စစ်တပ်ကို အပြီးတိုင် သင်းသတ်ဖို့ဆိုရင်တော့ အနည်းဆုံး ခြောက်လလောက် ကြာနိုင်တယ်ဆိုတာကို NUG အစိုးရက ထည့်တွက်ထားဖို့ လိုပါတယ်။

ဒါကြောင့် NUG အစိုးရအနေနဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို ပိုသုံးပြီး တစ်ဖက်ကနေ စစ်အုပ်စုနဲ့ သူတို့ရဲ့ ယန္တရားတွေ ပျက်စီးပျက်သုန်းရေးအတွက် မြေပြင်မှာ တိုက်နေတဲ့ ပြည်သူနဲ့ CDM ဝန်ထမ်းတွေ ရေရှည်တိုက်နိုင်အောင်အတွက် နည်းပေါင်းစုံနဲ့ ခိုင်ခံ့ရေးယန္တရားတွေ တည်ဆောက်ပါ။ စစ်အုပ်စုကို အသက်ဆက်ပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်အောင်အတွက် ဖိအားပေးဖို့ နိုင်ငံတကာယန္တရားတွေ တည်ဆောက်ပါ။ အကျိုးစီးပွားအလို့ငှာ စစ်အုပ်စုကို ထောက်ခံနေတဲ့ နိုင်ငံတွေကို မလှုပ်နိုင် အောင် နိုင်ငံတကာ မျက်နှာစာကနေ ဖိအားပေးယန္တရားတွေ တည်ဆောက်ပါ။ ဒါ့အပြင် အစိုးရတစ်ရပ်ဆိုတာကို ပြဖို့အတွက် အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေး ယန္တရားတွေကို တည်ဆောက်ပါ။ တိုက်ရင်းနဲ့ တည်ဆောက်ပါ။ တည်ဆောက်နေရင်းကလည်း စစ်ယန္တရားကြီးတစ်ခု လုံး ပျက်သုန်းဖို့အတွက်လည်း နယ်ပယ်စုံက တိုက်စစ်ဖွင့်ပါ။ စစ်အုပ်စုက ချောင်ပိတ်နေတုန်း တိုက်ရင်း တည်ဆောက်ပါ။

– အရေးတော်ပုံ အောင်ရမည် ---

ထွဏ်းမောင်

(စာရေးသူသည် ပြည်ပနှင့် ပြည်တွင်းသတင်းဌာနများတွင် သတင်းထောက်၊ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ကာ လက်ရှိတွင် ပြည်တွင်းသတင်းဌာနများ၌ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများ၊ သုံးသပ်ချက်နှင့် အတွေးအမြင်ဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သည်။ ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားသည့် လွတ်လပ်သော သတင်းသမားများ အင်အားစု - IJF တွင် ဦးဆောင်ပါဝင်နေသူလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required