အာဏာသိမ်းစစ်ကောင်စီ အဖွဲ့၀င်များနှင့် စီးပွားရေးလုပ်ငန်း ၂ ခုကို အီးယူက အရေးယူဒဏ်ခတ်

အာဏာသိမ်းစစ်ကောင်စီ အဖွဲ့၀င်များနှင့် စီးပွားရေးလုပ်ငန်း ၂ ခုကို အီးယူက အရေးယူဒဏ်ခတ်
Photo - CJ

ဧပြီ ၂၀

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု၊ ဆန္ဒပြသူများအပေါ် သွေးထွက်သံယို ဖြိုခွင်းနှိမ်နင်းမှုတို့အတွက် အာဏာသိမ်းစစ်ကောင်စီ အဖွဲ့၀င် လူပုဂ္ဂိုလ် ၁၀ ဦးနှင့် စစ်တပ်နှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းကြီးနှစ်ခုတို့အပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ကြောင်း အီးယူက ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် နိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြမှုများအပေါ် ဖိနှိပ်ဖြိုခွင်းမှုများ လုပ်ဆောင်နေခဲ့ရာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့၀င်များ၏ လက်ချက်ကြောင့် အရပ်သား ၇၃၇ ဦးထက်မနည်း သေဆုံးခဲ့ရပြီ ဖြစ်သလို သတင်းမီဒီယာများသည်လည်း ထိုးနှက်ဖိနှိပ်မှုအောက် တိုးမြှင့်ကျရောက်နေခဲ့ရသည်။

စစ်အုပ်စုအပေါ် နိုင်ငံတကာက ဖိအားများ တဖြည်းဖြည်း တိုးမြှင့်ပေးနေသော်လည်း လက်ရှိအချိန်ထိမူ စစ်အုပ်စုအနေဖြင့် ယင်းအပေါ် ပြစ်တင်‌ဝေဖန်မှုအားလုံးကို ဆက်လက် လျစ်လျူရှုနေသည့်ပုံ ပေါ်နေသည်။

ယခု အရေးယူပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီကို တိုက်စားမှုအတွက် တာ၀န်ရှိသူများဖြစ်သလို၊ ဖိနှိပ်သည့် ဆုံးဖြတ်ချက်များနှင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်လည်း တာ၀န်ရှိကြောင်း အီးယူအဖွဲ့၀င် နိုင်ငံများက အရေးယူဒဏ်ခတ်မှုများကို ကြေညာခဲ့စဥ် ပြောသွားခဲ့သည်။

စစ်တပ် ထိန်းချုပ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပိုင်ဆိုင်မှု ထိန်းချုပ်မှုနှင့် ဗီဇာ ပိတ်ပင်ချက်တို့ဖြင့် အရေးယူပိတ်ဆို့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ယခုတစ်ကြိမ် ပစ်မှတ်ထားအရေးယူပိတ်ဆို့ခံရသည့် ပုဂ္ဂိုလ်များအနက် အများစုသည် အာဏာသိမ်း စစ်ကောင်စီ၏ အဖွဲ့၀င်များဖြစ်ကြောင်း အီးယူသံတမန်များက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required