အီဂျစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှု ကမ်ပိန်း စတင်လုပ်ဆောင်

အီဂျစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှု ကမ်ပိန်း စတင်လုပ်ဆောင်
Photo - AFP

ဇန်န၀ါရီ ၂၅

အီဂျစ်နိုင်ငံဟာ ယင်းရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ပရိုဂရမ်ကို ဇန်န၀ါရီ ၂၄ ရက်မှာ စတင်လုပ်ဆောင်ခဲ့ပြီး ဒါဟာ အာဖရိကဒေသမှာ နိုင်ငံသားတွေကို ကာကွယ်ဆေးထိုးမှုကို လုပ်ဆောင်တဲ့ ပထမဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။ အီဂျစ်ရဲ့ ကာကွယ်ဆေးထိုးမှု ပရိုဂရမ်မှာတော့ တရုတ်ထုတ် ဆိုင်နိုဖမ်း ကာကွယ်ဆေးကို ဆရာ၀န်တစ်ဦးနဲ့ သူနာပြုတစ်ဦးတို့ စတင်ထိုးနှံခံခဲ့ကြပါတယ်။

လူဦးရေ သန်း ၁၀၀ ကျော် ရှိပြီး အာရပ်ကမ္ဘာရဲ့ လူဦးရေအသိပ်သည်းဆုံးနိုင်ငံ ဖြစ်တဲ့ အီဂျစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမဆုံးအသုတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက လက်ခံရရှိထားခဲ့ပါတယ်။

ကာကွယ်ဆေးထိုးနှံမှုမှာတော့ ကျန်းမာရေး၀န်ထမ်းအားလုံးကို အခမဲ့ ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီး ဟာလာ ဇာယက်ဒ်က ဇန်န၀ါရီ ၂၄ ရက်မှာ ပြောပါတယ်။

“ကျန်းမာရေး၀န်ထမ်း အားလုံးကတော့ ဒါကို အခမဲ့ ရရှိမှာပါ၊ ဒါက သူတို့ရဲ့ ရပိုင်ခွင့်ပါပဲ” လို့ ဇာယက်ဒ်က နိုင်ငံအရှေ့မြောက်ပိုင်း အစ္စမေးလီးယားမြို့က အဘူ ခါလီဖာ ဆေးရုံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်‌ကြောင့် သေဆုံးသွားခဲ့တဲ့ ဆရာ၀န် ၃၃၀ ဦးကျော်ကိုလည်း သူမက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ယမန်နေ့ကတော့ ဒါဇင်နဲ့ချီတဲ့ အခြား ဆရာ၀န်တွေလည်း ကာကွယ်ဆေးထိုးနှံခံခဲ့ကြပါတယ်။

“ဒါက ရိုးရှင်းအခြေခံကျတဲ့ ထိုးနှံမှုပါပဲ” လို့ ဆရာ၀န်တစ်ဦးဖြစ်တဲ့ မာမွတ် ဇာကီက Al-Watan သတင်းစာကို ပြောသွားခဲ့ပါတယ်။

ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဖို့အတွက် လာမယ့်သီတင်းပတ်တွေအတွင်း နိုင်ငံတစ်၀န်း ဆေးဘက်ဆိုင်ရာစင်တာ ၃၅ ခု ကျော်ကို ထူထောင်သွားမယ်လို့လည်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံသားတွေကိုလည်း ကာကွယ်ဆေးထိုးနှံမှုခံယူကြဖို့အတွက် အွန်လိုင်းကနေတဆင့် စာရင်းပေးကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ကာကွယ်‌ဆေးထိုးနှံမှု ပရိုဂရမ်မှာတော့ ကျန်းမာရေး‌စောင့်ရှောက်မှု လုပ်သားတွေကို ဦးစားပေးထိုးနှံမှာ ဖြစ်ပြီး ၎င်းတို့နောက်မှာတော့ နာတာရှည်ရောဂါတွေ ခံစားနေရသူတွေကို ထိုးနှံပေးမှာဖြစ်ကာ ယင်းနောက်မှာတော့ သက်ကြီးရွယ်အိုတွေကို ထိုးပေးမှာ ဖြစ်ကြောင်း သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ် စီစီက ဇန်န၀ါရီ ၂၃ ရက်မှာ ‌ပြောခဲ့ပါတယ်။

ငွေကြေးတတ်နိုင်တဲ့ ပြည်သူတွေအနေနဲ့ကတော့ လာမယ့်လတွေမှာ ကာကွယ်‌ဆေးအတွက် ကျသင့်ပမာဏကို ကျခံပေးချေသင့်တယ်လို့လည်း ကျန်းမာရေး၀န်ကြီး ဇာယက်ဒ်က ပြောခဲ့ပါတယ်။

အီဂျစ်မှာတော့ တရား၀င်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၁၆၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉,၀၀၀ နီးပါး ရှိနေပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်စစ်ဆေးမှုနှုန်း နိမ့်ကျနေမှုအရ အမှန်တကယ် ကူးစက်ခံရသူဦးရေဟာ အနည်းဆုံး ၁၀ ဆ ပိုမို မြင့်မားနေနိုင်တယ်လို့ ကျန်းမာရေးတာ၀န်ရှိသူတွေက သတိပေးထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly