ဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ် တွေ့၍ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးကို တောင်ကိုရီးယား အရှိန်မြှင့် ဆောင်ရွက်မည် 

ဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ် တွေ့၍ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးကို တောင်ကိုရီးယား အရှိန်မြှင့် ဆောင်ရွက်မည် 

ဒီဇင်ဘာ ၂၈ ၊ ၂၀၂၀

ဗြိတိန်နိုင်ငံ၌ ပထမဆုံး တွေ့ရှိသည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ဗီဇကွဲပိုးအား တောင်ကိုရီးယားနိုင်ငံအတွင်း စတင်တွေ့ရှိကြောင်း တနင်္လာနေ့က ကြေညာပြီးနောက် အများပြည်သူ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်ကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် တာဝန်ရှိသူများက စိတ်ပိုင်းဖြတ်ထားသည်။ 

လက်ရှိ ပျံ့နှံ့ကူးစက်နေသည့် အခြားသော ကိုရိုနာဗိုင်းရပ်စ်ဗီဇများထက် ယခု ဗီဇကွဲဗိုင်းရပ်စ်သည် ပို၍ ကူးစက်မှု မြန်ဆန်ပုံ ရှိနေပြီး တောင်ကိုရီးယားနိုင်ငံသို့ ဒီဇင်ဘာ ၂၂ ရက်က လန်ဒန်မှ လာရောက်ခဲ့သူ သုံးဦးတွင် တွေ့ရှိခြင်း ဖြစ်ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး အေဂျင်စီ KDCA က တနင်္လာနေ့တွင် ပြောသည်။ 

စနေနေ့ ညလယ်က ကူးစက်မှုအသစ် ၈၀၈ ဦး တွေ့ရှိကြောင်း KDCA က ထုတ်ပြန်ရာ သောကြာနေ့က ကူးစက်မှု ၁၂၄၁ ဦးရှိခဲ့သည်ထက်တော့ နည်းပါးသည်။ 

ထိုသို့ ကူးစက်မှု ကျဆင်းခြင်းမှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နှင့် ခရစ္စမတ်အားလပ်ရက်များကြောင့် စမ်းသပ်စစ်ဆေးမှု နည်းပါးခြင်းကြောင့် ဖြစ်မည်လားဆိုခြင်းကို တာဝန်ရှိသူများက ချိန်ဆနေပြီး ဇန်နဝါရီ အစောပိုင်းအထိ လူခွာနေခြင်း စည်းမျဉ်းကို သက်တမ်းတိုးရလိမ့်မည်ဟု တနင်္ဂနွေက ပြောသည်။ 

ကာကွယ်ဆေး ရရှိရေးနှင့် ဖြန့်ဖြူးထိုးနှံပေးရေး အစီအစဉ်များနှင့် ပတ်သက်ကာ တောင်ကိုရီးယားအစိုးရအနေဖြင့် ပြည်တွင်း၌ ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ အစိုးရ၏ ပထမဆုံး ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်သည် အမေရိကန်နှင့် အီးယူတို့ထက် လများစွာ နောက်ကျပြီးမှ လာမည့်နှစ် ပထမသုံးလပတ်အတွင်း စတင်ထိုးနှံရန် စီစဉ်ထားခြင်းကြောင့် ဖြစ်သည်။ 

ထိုသို့ ကာကွယ်ဆေး အစီအစဉ်အပေါ် အဆိုးမြင်ခြင်းများကြောင့် သမ္မတ မွန်ဂျေအင်းအား သဘောမကျမှု နှုန်းထားသည် အမြင့်ဆုံးအဖြစ် ၆၀ ရာခိုင်နှုန်းနီးပါးအထိ ရှိလာခဲ့ကြောင်း မဲစစ်တမ်းကောက်ယူသည့် Realmeter က တနင်္လာနေ့တွင် ပြောသည်။ 

ကာကွယ်ဆေးကို အတည်ပြုရန် လိုအပ်သော အချိန်ကာလအား စည်းမျဉ်းကွပ်ကဲသူများက လျှော့ချမည်ဖြစ်ပြီး ပျမ်းမျှ ရက်ပေါင်း ၁၈၀ မှ အနည်းဆုံး ရက် ၄၀ အတွင်း အတည်ပြုနိုင်ရေး လုပ်ဆောင်သွားမည်ဟု အစားအစာနှင့် ဆေးဝါးဘေးကင်းရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောသည်။ 

ပုံမှန်အားဖြင့် ခုနစ်လမျှ အချိန်ယူရသည့် ကာကွယ်ဆေး ဖြန့်ဖြူးရေးနှင့် ရောင်းချရေးအတွက် ထပ်တိုး အတည်ပြုလုပ်ငန်းစဉ်ကိုလည်း ရက် ၂၀ အတွင်း လုပ်ဆောင်နိုင်အောင် ဆောင်ရွက်သွားမည်ဟု ယင်း ဝန်ကြီးဌာနက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly