အိန္ဒိယတွင် အမြန်လမ်းမကြီးအတွက် တူးဖော်သော တောင်ပူစာမှ ကူရှန် ခေတ် ဗုဒ္ဓဦးခေါင်းပုံနှင့် ဒင်္ဂါးပြားများ တွေ့ရှိ

အိန္ဒိယတွင် အမြန်လမ်းမကြီးအတွက် တူးဖော်သော တောင်ပူစာမှ ကူရှန် ခေတ် ဗုဒ္ဓဦးခေါင်းပုံနှင့် ဒင်္ဂါးပြားများ တွေ့ရှိ

ဒီဇင်ဘာ ၂၂ ၊ ၂၀၂၀
 
ကြာသပတေးနေ့တွင် ဆောက်လုပ်ရေးတည်နေရာသို့ သွားရောက်ခဲ့သော ပြည်နယ်ရှေးဟောင်း သုတေသန ညွှန်ကြားရေးဌာန၏ ဒေသဆိုင်ရာအရာရှိ ဆူဘတ်ရှ် ချန်ဒရာ က “တည်နေရာကို လေ့လာပြီး အိုး၊ မြေအိုး အပိုင်းအစများ၊ အုတ်နှင့် ဒင်္ဂါးများအပါအဝင် မြေအောက်ရှိအရာဝတ္ထုတွေကို ကြည့်ရှုအပြီးမှာတော့ ဒီရှေးဟောင်းပစ္စည်းတွေဟာ BC ၃ ရာစုနှစ်နဲ့ AD ၁၂ ရာစုအကြား ဖြစ်နိုင်တယ်လို့ တွေ့ရပါတယ်။ ပြောလိုတာကတော့ ဒီနေရာဟာ သမိုင်းဝင်နေရာ  မောရိယ၊ ဆုံဂ၊ ကူရှန်း၊ ဂုပ္ပတား အင်ပါယာ နောက်ပိုင်း အုပ်ချုပ်သူတွေရဲ့ အလွှာတွေနဲ့ ပြည့်နှက်နေပါတယ်”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ချန်ဒရာ က ပြည်နယ်ယဉ်ကျေးမှုဌာနသို့ တင်ပြသော့ သူ၏ အစီရင်ခံစာတွင် ထိုပစ္စည်းများအား ပြတိုက်သို့ လွှဲပြောင်းပေးသင့်ပြီး တစ်ချို့ကို သက်တမ်းအား သိပ္ပံနည်းကျ အတည်ပြုနိုင်ရန် အသုံးပြုသင့်ကြောင်း ဖော်ပြပါရှိသည်။ သူသည် ထိုနေရာတွင် အသေးစိတ်ကျသော စီမံကိန်းပြုလုပ်ရန် အစိုးရအား တိုက်တွန်းထားသည်။ ဒီဇင်ဘာ ၁၃ ရက်နေ့က တူးဖော်စဉ်တွင် ဗုဒ္ဓဦးခေါင်းနှင့် ဒင်္ဂါးပြားများအပြင် အိုးအပါအဝင် မြေဆွေးနှင့်ပြုလုပ်သော ပစ္စည်းများအားလည်း တွေ့ရှိခဲ့သည်။

ဒေသခံ ဗုဒ္ဓဘာသာ ကော်မတီဖြစ်သော Buddhankur Bhimjyoti Samiti သည်လည်း ထိုနေရာအား ထိန်းသိမ်းရန် ပြည်နယ်အစိုးရနှင့် အိန္ဒိယရှေးဟောင်းသုတေသန တိုင်းတာရေးဌာနသို့ စာတင်ခဲ့သည်။

ကော်မတီ အဖွဲ့ဝင် တစ်ဦးက “လွန်ခဲ့သော ၁၅နှစ်ခန့်ကလည်း တောင်ပူစာရဲ့ တစ်ခြားနေရာကနေ ဒင်္ဂါးပြားနဲ့ ရုပ်တု တစ်ချို့ တွေ့ရှိခဲ့တယ်။ အမွေအနှစ်နေရာကို ကာကွယ်ဖို့ အစိုးရရဲ့ အကာအကွယ်ကို တောင်းဆိုခဲ့ပေမဲ့ ဘာမှ မဖြစ်လာခဲ့ဘူး။ အခု ဒုတိယအဖြစ်အပျက်က ဒီနေရာက ရှေးဟောင်းသုတနေအရ အရေးကြီးတယ်ဆိုတဲ့ ယုံကြည်မှုကို ပိုမို ခိုင်မာလာစေတယ်။ အဲ့တာကြောင့် ကျွန်တော်တို့က ထပ်ခါ ထပ်ခါ တောင်းဆိုနေတာပါ”ဟု ပြောကြားခဲ့သည်။
 
ထိုနေရာ၏ ရှေးဟောင်းအခြေအနေနှင့် ပတ်သတ်၍ မေးမြန်းရာတွင် ချန်ဒရာ က “ဒီနေရာကို အကြိမ်ပေါင်းများစွာ တူးဖော်ခဲ့ပြီးပြီ။ ဗြိတိသျှတို့က အရင်ကနဦး လုပ်ဆောင်ခဲ့တယ်။ အဲ့ဒီနောက်မှာ Rahul Sankritayan ကလည်း တည်နေရာကနေ လှုံ့ဆော်မှု ရခဲ့တယ်။ သုတေသနစာတမ်းနဲ့ ဒေါက်တာဘွဲ့ တော်တော်များများက ဒီနေရာနဲ့ ဆက်စပ်နေလောက်တယ်။ အတိုပြောရရင် ဒီနေရာက ရှေးဟောင်းသုတေသနဆိုင်ရာ ကြွယ်ဝတဲ့နေရာဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုဘူး”ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် ခရိုင်တရားသူကြီး အာမစ် ဘန်ဆဲလ် သည် တူးဖော်ခြင်းလုပ်ငန်းအား ရပ်နားခဲ့ပြီး နေရာကို ကန့်သတ်လိုက်ရန် အရာရှိများအား ပြောကြားခဲ့သည်။

သူသည် ရရှိသော ပစ္စည်း စာရင်းအား ပြင်ဆင်ရန်နှင့် လုံခြုံသော နေရာတွင် ထားရှိရန် ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly