ဂျပန်ဝန်ကြီးချုပ် အသစ်ဖြစ်လာနိုင်တဲ့  ယိုရှီဟီဒဲဆုဂါ ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲ

ဂျပန်ဝန်ကြီးချုပ် အသစ်ဖြစ်လာနိုင်တဲ့  ယိုရှီဟီဒဲဆုဂါ ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲ

စက်တင်ဘာ ၁ 

ဂျပန်ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒဲဆုဂါသည် ၎င်း၏တစ်နေ့တာကို သတင်းစာများအားလုံးဖတ်ခြင်းနှင့် အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်းအကြိမ် ၁၀၀ ပြုလုပ်ခြင်းဖြင့် စတင်လေ့ရှိသည်။ ထို့နောက် မိနစ် ၄၀ လမ်းလျှောက်သည်။ ဆုဂါသည် ထိုအချိန်တွင် ဝတ်စုံပြည့်ဝတ်ပြီး လုပ်ငန်းခွင်ဝန်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ မိုးရွာသည့်နေများ၌ပင် လမ်းလျှောက်မပျက်ခဲ့ပေ။ 

အလုပ်ချိန်အပြီး ညရောက်သည့်အခါ နိုင်ငံ့လွှတ်တော်ကိုယ်စားလှယ်များနေသောအိမ်ရာရှိ သူ၏အခန်းသို့ပြန်ကာ နောက်ထပ် အိပ်၊ထ၊မ၊တင် အကြိမ် ၁၀၀ ထပ်မံပြုလုပ်သည်။ ဂျပန်၏ သက်တမ်းအရှည်ဆုံး ကက်ဘိနက်အတွင်းဝန်ချုပ် ဆုဂါ၏ နေ့စဉ်ပုံမှန်လုပ်ငန်းစဉ်သည် ဘဝကိုနှစ်မြှုပ်ထားကာ စိတ်ဓာတ်ကြံ့ခိုင်သော သွင်ပြင်လက္ခဏာကို ရောင်ပြန်ဟပ် ဖော်ပြလျက်ရှိသည်။

ဆုဂါ၏ ကိုယ်အလေးချိန် ၇၇ ကီလိုဂရမ် ရောက်ရှိသည့်အခါ ထိုအခြေအနေသည် ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ဆရာဝန်က ပြောပြီးနောက် အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်း စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်က ရည်မှန်းချက်ချမှတ်ရာမှာနဲ့ အလေ့အကျင့်ပျိုးထောင်ရာမှာ တော်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ်အောက်ရောက်အောင် စလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ မျှော်မှန်းထားတဲ့အချိန်ထက်ကိုစောပြီးတော့ ကိုယ်အလေးချိန်တွေကျခဲ့ပြီး ၆၈ ကီလိုဂရမ် အဲဒီနောက် ၆၅ ကီလိုဂရမ် ဖြစ်လာခဲ့ပါတယ်” ဟု ဆုဂါက ဆိုသည်။ လေးလအကြာတွင် ဆုဂါသည် ကိုယ်အလေးချိန် ၁၄ ကီလိုဂရမ် ကျသွားခဲ့သည်။  

ကက်ဘိနက်အတွင်းဝန်ချုပ်နှင့် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအနေဖြင့် ဆုဂါသည် စနစ်ရှိသော အချိန်ဇယားဖြင့် တစ်နေ့တာလုံး အစီအစဉ်တကျ လုပ်ဆောင်လျက်ရှိသည်။ မနက်စာနှင့် နေ့လည်စာစားချိန် အစည်းအဝေးများအပြင် ရံဖန်ရံခါ တစ်နေ့လျှင်နှစ်ကြိမ် ညပိုင်း အစည်းအဝေးပြုလုပ်တတ်သည်။  

ရက်သတ္တတစ်ပတ်လုံး ထိုသို့သော အစည်းအဝေးများဖြင့် အချိန်ကုန်ဆုံးလျက်ရှိပြီး ဆုဂါက “ ကျွန်တော် ကိုင်တွယ်ရမယ်လို့ထင်တဲ့ ပြဿနာတွေကို အရင်ဆုံးလေ့လာဖို့ စနေ၊တနင်္ဂနွေရက်တွေမှာ အမျိုးမျိုးသော လူတွေဆီကနေ ထင်မြင်ချက်တွေ ကြားရပါတယ်” ဟု ဆိုသည်။ 

ကက်ဘိနက်အတွင်းဝန်ချုပ်ရာထူးကို တာဝန်ယူထားရသောကြောင့် ဆုဂါသည် နေ့တိုင်းနီးပါး ပုံမှန်လုပ်ငန်းဆောင်တာများထဲတွင် နစ်မြုပ်နေပြီး တိုကျိုအနီးတွင်ရှိသော ကာနာဂါဝါခရိုင် ယိုကိုဟားမားမြို့က သူ၏အိမ်၌ တစ်ညပင် သွားနေခြင်းမရှိပေ။  

“ပြည်သူပြည်သားတွေရဲ့ ရှေ့မှောက်မှာပဲ မှန်ကန်တဲ့အရာတွေ ၊ သာမန်ကိစ္စတွေကို သင့်တင့်လျောက်ပတ်စွာနဲ့ လုပ်ချင်တဲ့အတွက် လွှတ်တော်အိမ်ရာမှာပဲနေတာပါ။ မှန်ကန်တဲ့အကြောင်းအရာတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ပြီး ဆုံးဖြတ်နိုင်တာပေါ့။ အဆုံးစွန်ဆုံး တတ်နိုင်သလောက် လူများများနဲ့တွေ့ပြီး အကြောင်းအရာအမျိုးမျိုးကို ကြားသိရတာပေါ့” ဟု ဆုဂါက ပြောသည်။  

ဆုဂါသည် ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသောအရာများကို မျက်မြင်တွေ့ရှိရန် ကြိုးစားသူဖြစ်သည်။ ဆုဂါသည် ဗဟိုအာဏာပိုင်အဖွဲ့ဝင်ဖြစ်သည့်အတွက် တရားနည်းလမ်းကျသောအရာများနှင့် သာမန်ပြည်သူများ၏ သဘောထားကို အမြဲ စူးစမ်းလျက်ရှိသည်။  

ရထားဘူတာရုံများရှေ့တွင် လွှတ်တော်အမတ်များက Tsujidachi ဟုခေါ်သည့်  မိန့်ခွန်းပြောကြားသည့်ပုံစံမျိုးကို အခုအခါ တွေ့မြင်ရလေ့ရှိပြီး ထိုသို့သော ဟောပြောမှုမျိုးက ဆုဂါနိုင်ငံရေးလောကဝင်စဉ်က စတင်ခဲ့ခြင်းဖြစ်သည်။  

ဆုဂါသည် မနက်ခင်း လမ်းသွားလမ်းလာများကို နှုတ်ဆက်ပြီး မူဝါဒလုပ်ငန်းစဉ်များနှင့်ပတ်သက်သော မေးခွန်းစာရွက်များကို ဖြန့်ဝေကာ မေးလေ့ရှိသည်။ နိုင်ငံရေးသမားများသည် အဆောက်အအုံအတွင်း၌ စိတ်ဓာတ်မြှင့်တင်ပေးသော လူစုဝေးပွဲများ ကျင်းပနေချိန်၌ ထိုသို့ပြုလုပ်လိုက်ခြင်းသည် တီထွင်ဆန်းသစ်မှုပင်ဖြစ်သည်။  

ဆုဂါက “မေးခွန်းတွေထဲက စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို အဝိုင်းအမှတ်အသားလုပ်ပေးဖို့ ပြည်သူတွေကို ပြောလိုက်ပါတယ်။ အဲဒီအကြောင်း သိသွားတဲ့ ဒီမိုကရက်တစ်ပါတီက တချို့လူတွေဆို မေးခွန်းကော်ပီစာရွက်တွေ လာတောင်းကြတယ်” ဟု ပြောသည်။  

အလုပ်ကို အလေးထားလုပ်ဆောင်သည့် ဆုဂါ၏အမူအကျင့်သည် မွေးရပ်မြေ အာခီတာစီရင်စုတွင် အစပြုခဲ့သည်။ ဆုဂါသည် စတော်ဘယ်ရီစိုက်ပျိုးသည့် တောင်သူမိသားစုမှ မွေးဖွားလာသူဖြစ်သည်။ “ကျွန်တော့်မိဘတွေက အလုပ်အရမ်းကြိုးစားတယ်။ ကျွန်တော်အိပ်ရာကထရင် သူတို့က အလုပ်ထဲကနေ ပြန်လာကြကုန်ပြီ။ ကျေးလက်ဒေသကလူတွေက အဲဒီလိုပဲ” ဟု ဆုဂါက ပြောပြသည်။ 

ဆုဂါသည် ဆောင်းတွင်းချိန်ဆိုလျှင် နှင်းအန္တရာယ်ကြောင့် အထက်တန်းကျောင်းအနီးရှိ ဘော်ဒါဆောင်တွင် နေထိုင်ခဲ့သည်။ “ ဒီခံစားချက်ကို ကျေးလက်ဒေသတွေက နှင်းထူထပ်တဲ့ဒေသမှာနေတဲ့လူတွေပဲ နားလည်နိုင်ပါတယ်။ ကျေးလက်ဒေသမှာနေခဲ့တာကြောင့် စိတ်ရှည်သည်းခံနိုင်စွမ်းအားတွေ ပိုကောင်းလာခဲ့တယ်” ဟု ဆုဂါကဆိုသည်။  

အထက်တန်းကျောင်းပြီးနောက် ဆုဂါသည် အပြောင်းအလဲဖြစ်မည်အထင်ဖြင့် တိုကျိုသို့ လာခဲ့သည်။ စက်ရုံငယ်တစ်ခုတွင် အလုပ်,လုပ်ခဲ့ပြီး နှစ်,နှစ်အကြာတွင် ထွက်ခဲ့သည်။ အခြေအနေမပြောင်းလဲပါက သူ့ဘဝသည် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အထီးကျန်လိမ့်မည်ဟု ဆုဂါ တွေးထင်ခဲ့သည်။ 

ထို့နောက် ဆုဂါသည် ဟိုဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ကျောင်းစရိတ်အတွက် နေ့ရောညပါ အချိန်ပိုင်းအလုပ်များ လုပ်ခဲ့သည်။ တက္ကသိုလ်လေးနှစ်တက်ပြီးနောက် အာခီတာစီရင်စုသို့ ပြန်လာရန် စဉ်းစားထားသော်လည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ခဲ့သည်။ “ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲစေတာ နိုင်ငံရေးပဲဆိုတာ ကျွန်တော်စပြီး တွေးမိလာတယ်” ဟု ဆုဂါကပြောသည်။  

သို့သော် အားကိုးအားထားပြုရမည့် အဆက်အသွယ်မရှိခြင်းကြောင့် ဟိုဆေးတက္ကသိုလ်၏ အသက်မွေးဝမ်းကျောင်းစင်တာသို့သို့သွားခဲ့ပြီး ဟိုဆေးကျောင်းဆင်း နိုင်ငံရေးသမားများနှင့်မိတ်ဆက်ပေးရန် တောင်းဆိုခဲ့သည်။ စင်တာက ကျောင်းသားဟောင်းများအသင်းဥက္ကဋ္ဌနှင့် ဆုဂါကို မိတ်ဆက်ပေးခဲ့သည်။ ထိုမိတ်ဆက်ပေးမှုက အလုပ်ဖြစ်ခဲ့ပြီး ဆုဂါသည် အသက် ၂၆ နှစ်အရွယ် ၁၉၇၅ ခုနှစ်တွင် ယိုကိုဟားမား အောက်လွှတ်တော်အမတ် ဟီကိုဆာဘူရို အိုကိုနိုဂီ၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ ဘဝတွင် ပထမဆုံး အရေးပါသည့်အလှည့်အပြောင်း ကြုံလိုက်ရချိန်တွင် ကောင်းကောင်းလုပ်နိုင်ခဲ့သည်ဟု ဆုဂါက ပြောသည်။ 

နိုင်ငံရေးလောကထဲ ပထမဆုံးခြေလှမ်းခဲ့သည့်အချိန်တွင် ဆုဂါသည် သာမန် သို့မဟုတ် တရားနည်းလမ်းကျမှု ဟူသော သဘောထားတစ်ခုကို တည်ဆောက်ကျင့်သုံးထားပြီးဖြစ်သည်။ ဆုဂါ အသက် ၃၈ နှစ်အရွယ်တွင် ယိုကိုဟားမားမြူနီစီပယ်ညီလာခံအတွက် ဝင်ရောက်ယှဉ်ပြိုင်ချိန်တွင် နောက်ထပ်အရေးပါသော အလှည့်အပြောင်းတစ်ခု ရောက်လာခဲ့သည်။  

ဆုဂါ ရှုံးနိမ့်ပါက အထုပ်ပိုက်ပြီး မွေးရပ်မြေပြန်လိမ့်မည်ဟု ပြောဆိုနေကြသော ပြိုင်ဘက်ရွေးကောက်ခံကိုယ်စားလှယ်များ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ ဆုဂါက သူ၏ကိုယ်ရေးအချက်အလက်၌ အာခီတာတွင်မွေးခဲ့ကြောင်း ရှေ့မျက်နှာစာတွင် ထည့်သွင်းရေးသားခဲ့သည်။  

ဆုဂါ၏ အဖွင့်မျက်နှာစာကောင်းခဲ့သည်ဟုဆိုရပေမည်။ ဆုဂါသည် ကျေးလက်ဒေသများမှ ယိုကိုဟားမားသို့ပြောင်းရွှေ့လာသူများ၏ ထောက်ခံမှုကို ရရှိခဲ့ပြီး ရွေးကောက်ပွဲနိုင်ခဲ့သည်။  

“အဲဒီအချိန်တုန်းက ကျွန်တော့်မှာ အသက် ခြောက်နှစ်၊ သုံးနှစ်နဲ့ တစ်နှစ်အရွယ် ကလေး သုံးယောက်ရှိပါတယ်။ နာမည်ဂုဏ်သတင်းကလည်းမရှိဘဲ ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့အချိန်ဟာ အခက်ခဲဆုံး အချိန်ပါပဲ” ဟု ဆုဂါက ပြောသည်။  

၁၉၉၈ ခုနှစ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင် ယှဉ်ပြိုင်သည့်အတောအတွင်း၌ ဂျပန့်လွှတ်တော်အဆောက်အအုံနှင့် ဝန်ကြီးချုပ်ရုံးစိုက်ရာဖြစ်သည့် နိုင်ငံရေးသမားများစုဝေးရာ တိုကျို၏ နာဂါတာချိုအရပ်တွင် ဆုဂါသည် လူသိများထင်ရှားလာခဲ့သည်။  

ဆုဂါသည် ထိုအချိန်က ဝန်ကြီးချုပ်ဖြစ်မည့် အိုဘုချီခေးဇိုဦးဆောင်သော LDP ဘက်တော်သားတစ်ဦးဖြစ်ခဲ့သည်။ ဆုဂါသည် အိုဘုချီကို ထောက်ခံရမည့်အစား တစ်အုပ်စုတည်းဖြစ်သည့် စစ်ပြန် ဆေးရိုကု ကာဂျီယာမ ကို ထောက်ခံခဲ့သည်။ ကာဂျီယာမ ရှုံးနိမ့်သည့်အခါ ဆုဂါသည် ကာဂျီယာမနှင့်အတူ ပါတီမှထွက်ခဲ့သည်။  

ထိုသို့ပြုမူခြင်းသည် လွှတ်တော်အမတ်တစ်ယောက်အတွက် လက်မခံနိုင်သော ပုန်ကန်ထကြွမှုဖြစ်သည်။ “မှန်ကန်တဲ့လုပ်ရပ်လုပ်ခဲ့တာကို လူတွေအားလုံးက ကျွန်တော့်အတွက် အရမ်းကို စိုးရိမ်နေခဲ့ကြတာ ထူးဆန်းတယ်” ဟု ဆုဂါကပြောသည်။  

၁၉၉၈ ခုနှစ် LDP ခေါင်းဆောင် ရွေးကောက်ပွဲသည် နိုင်ငံ့ဘဏ္ဍာရေးအခက်အခဲကြုံတွေ့ရသည့်အချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ကာဂျီယာမက ဘဏ်များအလွန်များနေကြောင်းနှင့် နှစ်ခု သို့မဟုတ် သုံးခုက လုံလောက်ကြောင်း ပြောဆိုခဲ့ကာ ဆုဂါကလည်း အဆိုပါမူဝါဒကို အပြည့်အဝထောက်ခံခဲ့သည်။ “ကိုယ်က ဝန်ကြီးချုပ်ဖြစ်စေချင်တဲ့လူကို ထောက်ခံပေးတာဟာ မှန်ကန်တဲ့လုပ်ရပ်ပဲမဟုတ်လား” ဟု ဆုဂါက ဆိုသည်။ ဆုဂါသည် သူ၏ဆရာ ကာဂျီယာမကဲ့သို့ပင် ကက်ဘိနက်အတွင်းဝန်ချုပ်ရာထူးကို ၂၀၁၂ ခုနှစ်မှ စတင်ထမ်းဆောင်ခဲ့သည်။  

ဆုဂါသည် ပြတ်သားတိကျသောစနစ်ကို ကျင့်သုံးသော်လည်း အချိုအင်မတန်ကြိုက်သူဖြစ်သည်။ “ကျွန်တော်က အရက်မသောက်ပါဘူး။ အဲဒီအစား အချိုကိုစားပါတယ်။ တစ်ပတ်ကို သုံးလေးရက်လောက် စားပါတယ်” ဟုဆိုသည်။ ဆုဂါသည် ပန်ကိတ်ကို မစားရမနေနိုင်ပေ။ ဂျပန်တွင် ၂၀၀၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် ဩစတြေးလျ Bills စားသောက်ဆိုင်တွင် Ricota Hotcake ပန်ကိတ်ကိုစားရန်  ဆုဂါနှင့်ဇနီးတို့သည် တန်းစီစောင့်ခဲ့ကြသည်။  

ဆုဂါသည် ကက်ဘိနက်အတွင်းဝန်ချုပ်တာဝန်အပြီး နောက်ပိုင်းအတွက်လည်း အစီအစဉ်တစ်ခုလုပ်ထားသည်။  

“အချိန်ကျရင်တော့ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့ကိုသွားပြီးတော့ သုံးလလောက် အင်္ဂလိပ်ဘာသာစကားသင်တန်းကျောင်း သွားတက်ဦးမယ်။ ဒါမှ အင်္ဂလိပ်လို နည်းနည်းပါးပါး ပြောနိုင်မှာလေ။ ပြီးရင် တစ်နှစ်၊ နှစ်,နှစ်လောက် ကမ္ဘာပတ်ပြီး အပန်းဖြေခရီးထွက်ချင်တယ်” ဟု ဆုဂါကပြောသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly