ထရမ့်၏ WeChat အပေါ်တားမြစ်မှု ဥပဒေနှင့်မညီဟုဆိုကာ သုံးစွဲသူများအဖွဲ့က တရားစွဲ

ထရမ့်၏ WeChat အပေါ်တားမြစ်မှု ဥပဒေနှင့်မညီဟုဆိုကာ သုံးစွဲသူများအဖွဲ့က တရားစွဲ

 ဩဂုတ် ၂၂

သမ္မတဒေါ်နယ်ထရမ့်က  တရုတ်အက်ပလီကေးရှင်း တစ်ခုဖြစ်သည့် WeChat အပေါ်  တားမြစ်မိန့်ထုတ်ပြန်လိုက်ခြင်းသည် ဥပဒေဆိုင်ရာအခွင့်ရေးများကို ချိုးဖောက်သည်ဟုဆိုကာ အမေရိကန်ရှိ WeChat သုံးစွဲသူများက ပြစ်တင်ဝေဖန်လိုက်ပြီး တရားစွဲလိုက်ကြောင်းသိရသည်။

ဩဂုတ်လ အစောပိုင်းက Tencent Holdings ပိုင်ဆိုင်သော WeChat နှင့် ByteDance ၏ TikTok အက်ပလီကေးရှင်းများ၏ အမေရိကန်အတွင်းဝန်ဆောင်မှုများကို စက်တင်ဘာ ၂၀ မတိုင်မီ တားမြစ်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က အထူးအမိန့်နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။   

ထိုတားမြစ်ချက်ကြောင့် ၎င်းအက်ပလီကေးရှင်းများကို များစွာမှီခိုအားထားနေရသော အမေရိကန်ရှိ တရုတ်-အမေရိကန်လူမျိုးများနှင့် တရုတ်စီးပွားရေးသမားများအတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။  

သမ္မတအမိန့်ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာ၌ တရုတ်-အမေရိကန်ရှေ့နေငါးဦးတည်ထောင်ထားသော အမေရိကန် WeChat သုံးစွဲသူများမဟာမိတ် (U.S. WeChat Users Alliance) အဖွဲ့က ကယ်လီဖိုးနီးယား မြောက်ပိုင်း ခရိုင်တရားရုံး၌ သောကြာ ညနေက တားမြစ်မိန့်ကို ရုပ်သိမ်းပေးရန် အမှုဖွင့်ခဲ့သည်။ တရားခံများစာရင်းတွင် ထရမ့်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross တို့ကိုပါ ထည့်သွင်းထားသည်။

အဆိုပါတရားစွဲဆိုမှုအတွက် ဆန်ဖရန်စ္စကိုအခြေစိုက် ဥပဒေကုမ္ပဏီ Rosen Bien Galvan & Grunfeld ကို ပူးတွဲတည်ထောင်သူ Michael Bien ကို ရှေ့နေအဖြစ် ငှားရမ်းထားသည်။  

“လူမှုမီဒီယာအက်ပလီကေးရှင်းတွေနဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ အများပြည်သူဆိုင်ရာ နေရာတစ်ခုနဲ့တူတယ်ဆိုတာ တရားရုံးချုပ်က အသိအမှတ်ပြုပါတယ်။ ပြောဆိုဆွေးနွေးနိုင်တဲ့ ရင်ပြင် တစ်ခုနဲ့တူပြီး စိတ်ကူးအကြံအစည်တွေနဲ့ သတင်းအချက်အလက်တွေကို သင်ယူဝေမျှနိုင်တဲ့နေရာတစ်ခုပါ။ ဒါကြောင့် WeChat ကို အသုံးပြုကြတာပါ” ဟု Bien က ဆိုသည်။  

ယနေ့အချိန်ထိ အမေရိကန် WeChat သုံးစွဲသူများမဟာမိတ်က နိုင်ငံတစ်ဝန်းမှ အလှူငွေ အမေရိကန်ဒေါ်လာ ၅၀ ၀၀၀ နီးပါးကို ရရှိထားသည်။ တရားစွဲဆိုမှုသည် WeChat သို့မဟုတ် ၎င်း၏မိခင်ကုမ္ပဏီ Tencent နှင့် မသက်ဆိုင်ကြောင်း၊ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အမေရိကန်ရှိ WeChat သုံးစွဲသူများဖြစ်ကြောင်း တရားစွဲဆိုသည့်အဖွဲ့ဝင်ဖြစ်သူ Clay Zhu က ပြောသည်။  

WeChat ကိုတားမြစ်မှုနှင့်စပ်လျဉ်း၍ မိခင်ကုမ္ပဏီ Tencent အနေဖြင့် ကိုယ်တိုင်တရားစွဲဆိုမှုပြုမည်လားဆိုသည်ကို မသိရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly