၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ဖြတ်သန်းနိုင်ရေး မိသားစု စိတ်ဓါတ်မွေးဖို့ အရေးကြီး

၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ဖြတ်သန်းနိုင်ရေး မိသားစု စိတ်ဓါတ်မွေးဖို့ အရေးကြီး

ရက်ပိုင်းအတွင်း ၂၀၁၅ ရွေးကောက်ပွဲကြီး ရောက်ရှိလာတော့မည်။ မိမိတို့ တတိုင်းပြည်လုံး ပြည်သူလူထုကြီး တစ်ရပ်လုံး မကြုံစဖူး ထူးကဲလေးနက်စွာ ခံစားမှုကိုယ်စီ ဖြစ်နေကြရသည်။ သဘာဝ ကျပါသည်။ နှစ်ပေါင်း ဆယ်စုနှစ်ပေါင်းများစွာ မိမိတို့ရဲ့ မူလအခွင့်အရေးအရ ရွေးချယ် ဆန္ဒပေးမှု အတွေ့အကြုံ လက်လွတ်ခဲ့ကြရပြီးကာမှ ပြန်လည်ရရှိ ကြုံတွေ့ကြရခြင်း ဖြစ်သည့်အတွက် ယခုလို စိတ်လှုပ်ရှား နေကြရခြင်းမှာ မဆန်းလှပါချေ။

ယခုအခါ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင် အရွေးခံကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များနှင့် သက်ဆိုင်ရာ နိုင်ငံရေး ပါတီများအနေနဲ့လည်း နိုင်ငံနှင့်အဝှမ်း မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများ အစွမ်းကုန် လှုပ်ရှား စည်းရုံးနေကြပြီ ဖြစ်သည်။ ပြည်သူတွေကလည်း ကိုယ်နှစ်သက် စိတ်ဝင်စား ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းများကို ထောက်ခံအားပေး နားထောင်ကြခြင်း ဝေဖန် အကဲခတ်ကြ ခြင်းအပြင် မိမိတို့ ကိုယ်တိုင်သည်ပင်လျင် ကိုယ်နှစ်သက်ရာ ပါတီနှင့် ကိုယ်စားလှယ်လောင်းများ အောင်မြင်ရေး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပူးပေါင်း ကူညီလာကြသည်ကိုလည်း အထင်အရှား တွေ့နေရပါ သည်။

အထူးသဖြင့် ပြည်သူလူထုကြီး တစ်ရပ်လုံးလိုလို ပါဝင် လှုပ်ရှားလာတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ပြင်ဆင်မှုကြီးကို အထင်အရှား အကဲခတ်လို့ရသည့် နေရာမှာ အင်တာနက် အွန်လိုင်း လူမှုစာမျက်နှာ များတွင် ဖြစ်သည်။ ဤအင်တာနက် အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မြန်မာပြည်အနှံ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများကို အချိန်တိုင်းလို မိမိတို့ မြင်နေကြားနေကြရသည်။ သတင်းစာ ဂျာနယ်များမှ တဆင့်လည်း မိမိတို့ပြည်သူများ ဖတ်ကြရ မြင်နေကြရသည်။ ထိုအခါ ရွေးကောက်ပွဲဝင် ပါတီများ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ယှဉ်ပြိုင်နိုင်မှု အခြေအနေများကို တစေ့တစောင်း အားဖြင့် လေ့လာကြရ အကဲခတ် ကြရလေသည်။

သည်လို စိတ်ဝင်စားဖွယ် ပြင်ဆင်မှုကြီး ဖြစ်လာသည့်အခါ ယခင် အချိန်ကာလများနှင့် မတူ တော့ဘဲ လူတိုင်း တက်ကြွ လှုပ်ရှားလာကြရပါသည်။ မိမိတို့ နှစ်သက်အားပေးရာ ပါတီနှင့် ကိုယ်စား လှယ်လောင်းများအတွက် အောင်မြင်မှုရဖို့အရေး ပိုမို စိတ်စောလာကြရခြင်း၊ မျှော်လင့်မှု ပိုလာကြရ ခြင်းနှင့်အတူ တဖက်ယှဉ်ပြိုင်ဖက် ပါတီနှင့် ကိုယ်စားလှယ်လောင်းများ အပေါ်တွင်လည်း အားနည်း ချက် အားသာချက်များ အခြေအနေကိုကြည့်ကာ စိတ်ဆန္ဒများ ပိုမို တက်ကြွ လှုပ်ရှားလာကြရပါသည်။

သည်လို ယှဉ်ပြိုင်မှု ခံစားမှုများ မြင့်တက်လာသည့်အခါ အပြန်အလှန် ဝေဖန်ပြစ်တင် ရှုတ်ချမှု များသည်လည်း ပါလာကြရတော့သည်။ မခံချင်စိတ် လောဘနှင့် ဒေါသများအထိ ရှိလာ ဖြစ်လာ မြင့်လာ ကြရသည်။ ထိုအခါ အလွန်မတန် အရေးကြီးလှသည့် အခြေခံ အချက်ကြီးတစ်ချက်ကို မေ့လာကြရသည်ဟု ဆိုရပါမည်။

ယင်းအချက်ကြီးမှာ မိမိတို့အားလုံးသည် တနိုင်ငံတည်းတွင် အတူ တကွ မွေးဖွားလာခဲ့ကြရသော ညီနောင်အရင်း သားချင်းများသာ ဖြစ်သည်၊ မိမိတို့ သမိုင်းတလျောက် လုံး သည်နိုင်ငံ သည်မြေပေါ်တွင် မလွဲမသွေ အတူယှဉ်တွဲ နေထိုင်သွားကြရမည့် သူများသာ ဖြစ်သည်ဆိုသည့် အချက်၊ အတူတွဲပြီး နေဖို့ကလွဲ ခွဲပြီးနေလို့ရသည့် သဘာဝမရှိကြောင်း ဆိုသည့် အချက်ကြီးကို မေ့လျော့ လာကြရသည်။

ထိုအခါ ညီနောင်သားချင်းအမြင်များ မှေးမှိန်ကာ တစ်ဦးနှင့် တစ်ဦး သင်္ကာမကင်း ဖြစ်ကြရ၊ စိတ်ဆိုးစိတ်ကောက်ကြရ၊ ဒေါသထွက်ကြရ၊ နောက်ဆုံး ရန်သူလိုပင် အချင်းချင်း မြင်မိသည်အထိ မှားယွင်းစွာ မြင်လာကြရတော့သည်။ ထိုအခါ ဝမ်းနည်းဖွယ်ကောင်း သော မှားယွင်းသည့် ပဋိပက္ခများသည်လည်း ပေါ်ပေါက်လာနိုင်တော့သည်။

ထို့ကြောင့် အတိုချုပ်ပြီး ပြောရလျင် မိမိတို့ ပြည်သူများအားလုံး နိုင်ငံရေးပါတီများအားလုံး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အားလုံး အခြား အမျိုးမျိုးအစားစားသော လူပုဂိုလ်များ အားလုံးသည် ရွေးကောက်ပွဲ ပြီးသည့်အခါတွင်လည်း ကိုယ့်တိုင်းပြည်ကောင်းကျိုး မိမိအကျိုးအတွက် မလွဲမသွေ ဆက်လက်နေထိုင် မျက်နှာချင်းဆိုင် ယှဉ်တွဲ နေထိုင်သွားကြရဦးမည်မှတပါး အခြားလမ်း မရှိသည့်အတွက်  မိမိတို့ တိုင်းပြည် ညီညွတ်ရေး၊ ချစ်ခင်ရေး၊ မြင့်မား တိုးတက်ရေးကိုဖြင့် မည်သည့် အခြေအနေမျိုးပင် ကြုံရသည်ဖြစ်ပစေ လက်ကိုင်ထား ဖြေရှင်း ဖြတ်သန်းကြဖို့ လိုအပ်ကြောင်း  တင်ပြ လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required